မျိုးဆက်သစ်တို့ကို ဘာတွေ အမွေပေးခဲ့မလဲ

လူ့အခွင့်အရေး အကြောင်းပြောလျှင် သည်ကနေ့ မိမိနံဘေးနားမှာရှိနေသော လူများ၊ မိမိမျက်စိရှေ့မှောက်မှာ ရှိနေကြသော လူများ၊ ကမ္ဘာတစ်လွှားမှာ ရှင်သန်နေထိုင်သွားလာ လှုပ်ရှားနေသူများ အစရှိ သူတို့၏ အခွင့်အရေး အမျိုးမျိုးကို သာမက မမွေးဖွားသေးသော ကမ္ဘာလောကကြီးထဲသို့ အနာဂတ်ကာလတွင် ရောက်လာကြမည်ဖြစ်သော မျိုးဆက်သစ်များ၏ အခွင့်အရေးကိုလည်း မေ့မထားသင့်ဟု ထင်ပါသည်။

ယနေ့ ရှင်သန်လှုပ်ရှားနေကြသော မျိုးနွယ်စုကြီးက မိမိတို့ ရပ်တည်နေကြသည့် လောကတစ်ခွင်ရှိ ရေမြေလေထုကြီး အားလုံးကို မိမိတို့ စိတ်ရှိသလို သို့မဟုတ် မိမိတို့အတွက် အသုံးကျမည် ထင်သလို သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်း ဖြုန်းနေခြင်းသည် သင့်လျော်မှန်ကန်သည်ဟု ထင်နေကြမည်လား။

မိမိတို့ အမွေချန်ထားခဲ့သည့် ရေမြေလေ သဘာဝပတ်ဝန်းကျင် တစ်ခုလုံးတွင် အသက်ရှင်နေထိုင် ကျန်ရစ်ခဲ့ရမည့် မျိုးဆက် တို့၏ အခွင့်အရေးကို လျစ်လျူရှုထားဖို့ သင့်ပါ၏လား။

နိုင်ငံသားတိုင်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ရှိကြသလို အနာဂတ် မျိုးဆက်များသည်လည်း အဆိုပါ အခွင့်အရေးများ ရသင့်ကြသည်ဆိုခြင်းကို မေ့ထားဖို့ မဖြစ်နိုင်ပါ။ လက်ရှိရေမြေတောတောင် သဘာဝပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် ရှေးအဆက်ဆက်က တည်ဆောက်ခဲ့သည့် လူတို့အတွက် တန်ဖိုးရှိရှိ ကျန်ရစ်နေသော အမွေအနှစ်များ စသည် တို့သည် ယနေ့ကမ္ဘာပေါ်တွင် ရှိနေကြသော လူတို့ကသာ သုံးစွဲချင်တိုင်း သုံးစွဲပိုင်ခွင့်ရှိသော အရာများ မဟုတ်သည်ကို သတိထားကြရန် လိုပါမည်။

ယနေ့လူသားတို့အတွက် လိုအပ်ချက်များ၊ ပိုမိုသက်သောင့်သက်သာ ရှိမှုများ၊ ချမ်းသာသုခ ပြည့်ဝမှုများ စသည်တို့အတွက် ရှိရှိသမျှ ရင်းမြစ်များကို သုံးစွဲခြင်းက မဖြစ်ထိုက်ဟူသော အတွေးအယူ များလည်း ရှိကြရန် လိုပါမည်။

မြစ်ချောင်းအင်းအိုင်များ၊ သစ်တောကြီးများ၊ ရေအောက်မြေအောက် သယံဇာတများ၊ မြေလွတ်မြေရိုင်းများ စသည်တို့ကို နောင်မျိုးဆက်များ လက်ထက်တွင် လိုအပ်သလို စီမံခန့်ခွဲနိုင်ဖို့ ချန်ထားရစ်ဖို့လည်း လိုပါမည်။ မိမိလက်ထက်၌ ရှိသမျှအကုန် သုံးမပစ်ရေး အယူအဆကို အလေးအနက်ထား စဉ်းစားကြရန်လိုမည်ဟု ယူဆပါသည်။

ကျပ်တည်းနေသော မြို့ကြီးများက မြေအောက်ရေ သုံးစွဲမှုများက အစ၊ မြင်မြင်သမျှ လွတ်နေသေးသော မြေကွက်လပ်များအဆုံး ရှိသမျှ အကုန်ထုတ်ယူ သုံးစွဲရေးမူကို စဉ်းစားကြရန် လိုမည်ဟု မြင်ပါသည်။

နိုင်ငံတစ်ခုရှိ သဘာဝပတ်ဝန်းကျင် ရေမြေသယံဇာတ အစရှိသည် တို့သည် နိုင်ငံသားအားလုံးနှင့် ဆိုင်၏။ နိုင်ငံသားအားလုံး ရယူခံစားနိုင်ခွင့်လည်း ရှိသင့်သည်ဖြစ်၏။ ထို့ပြင် နောင်လာလတ္တံ့သော အနာဂတ်မျိုးဆက်များသည်လည်း ခံစားနိုင်ခွင့် ရှိသင့်သည်ဟု ဆိုရမည် မဟုတ်ပါလား။

ယနေ့ဆိုလျှင်ပင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတတို့ကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုတို့၏ ဆိုးကျိုးရလဒ်အဖြစ် သဘာဝဘေး အန္တရာယ်များ၏ဒဏ်ကို စတင်ခံစားနေကြရပြီ မဟုတ်ပါလား။ ဆက်လက်၍ မဆင်မခြင် သုံးစွဲနေကြမည်ဆိုလျှင် လက်ရှိမျိုးဆက်များရော အနီးစပ်ဆုံး အနာဂတ်မျိုးဆက်များ အတွက်ပါ မရေရာသော အနေအထား၊ အန္တရာယ်နှင့် နီးကပ်နေသော အနေအထားများသို့ ရောက်နေပြီဆိုသည်ကို သတိပြုသင့် လှပေသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟူသည် သာမန်ကာလျှံကာ ပြောရိုးပြောစဉ် ပြောနေကြရမည့် အချိန်မဟုတ်တော့ပြီ ဆိုသည်ကို သဘာဝကြီးက မကြာခဏ သတိပေးနေပြီ ဖြစ်ပါသည်။

 

ယနေ့ ပျက်စီးဆုတ်ယုတ်လာနေသော သဘာဝပတ်ဝန်းကျင်သည် သူ့သဘာဝအလျောက် ဖြစ်နေခြင်းမဟုတ်ဘဲ လူတို့၏ ပယောဂကြောင့် ဖြစ်နေသည်ဆိုခြင်းကို ဆင်ခြင်မိလျှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို အချိန်မီ ဆောင်ရွက်နိုင်ရေး တွေးတောမြော်မြင်ကြရန် လိုမည်ဟု နှိုးဆော်လိုက်ရပါကြောင်း။    ။
(မြန်မာ့အလင်း)