မျိုးဆက်သစ်လူငယ်များ ပညာအလင်းရောင်ပေးသည့် မြတ်ဆရာ

 

အောင်ထက်လင်း (ကြိမ်ချောင်း)

 

ပညာရေးဟူသည် လူမှုဘဝတွင် လက်တွေ့ရင်ဆိုင်လာရသည့် အခက်အခဲများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန် လိုအပ်သည့် စိတ်ဓာတ်ခွန်အားနှင့် ရုပ်လက္ခဏာများကို တည်ဆောက်ပေးခြင်းပင်ဖြစ်ရာ  ဆရာ  ဆရာမ များသည်လည်း နုနယ်သည့်   ကျောင်းသား ကျောင်းသူများအား ငယ်စဉ်ကပင် ပုံသွင်းထုလုပ် ကြရသည့် ဗိသုကာများဖြစ်သည်။ ဆရာ ဆရာမ များသည် စေတနာ၊ ဝါသနာ၊ အနစ်နာ စိတ်ဓာတ် အပြည့်ဖြင့်   သင်ကြားပေးနေကြသူများဖြစ်၍  ၎င်းတို့၏ ဂုဏ်သိက္ခာ၊ တန်ဖိုး၊ အဆင့်အတန်းနှင့် ကျေးဇူးတို့ကို  အားလုံးက  အသိအမှတ်ပြုရမည် ဖြစ်သည်။

 

“ဆရာ”ဟူသည့် ဝေါဟာရကို မြန်မာအဘိဓာန်တွင် ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ၊ လုပ်ငန်းတစ်ရပ်ရပ်တွင်ကျွမ်းကျင်သူ၊ ယဉ်ကျေးသမှုဖြင့်ခေါ်သော စကားလုံးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ “ဆာယာ”ဟူသောပါဠိသက် ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဆာယာသည်  “အေးရိပ်” ဖြစ်သည်။ တပည့်များနားခိုရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သဖြင့် ဆရာ ဟုခေါ်သည်။ ပါဠိဘာသာဖြင့် “အာစရိ”ဟု သုံးနှုန်း ကြပြီး မြန်မာဘာသာစကားရှိ “ဆရာ”ဆိုသော ပုဒ်သည်  သက္ကတဘာသာ၏  “အာစာရယ”မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဖော်ပြကြ ကြောင်း မှတ်သားရဖူးသည်။ ဆရာဟုဆိုရာတွင် အခြေခံပညာသင်ပေးသည့် ဆရာများ၊ အဆင့်မြင့် ပညာသင်ပေးသည့် ဆရာများသာမက အသက်မွေး ဝမ်းကျောင်း ပညာသင်ပေးသည့် ဆရာများအားလုံး  အကျုံးဝင်ပေသည်။

 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်

 

မြတ်ဆရာတို့၏ ဂုဏ်သိက္ခာ၊ တန်ဖိုး၊ အဆင့်အတန်းနှင့်ကျေးဇူးတို့ကို ပိုမိုမြင့်မားနေရန်နှင့် ရေသောက်မြစ်ပမာဖြစ်သော ဆရာများ၏ အရေးပါမှုကို အလေးဂရုပြုသောအားဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) က ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများ နေ့” အဖြစ် သတ်မှတ်ခဲ့သည်။ ထိုရက်တွင် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်တို့၌ ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ ကာ ထူးချွန် ဆရာ ဆရာမများအား ဂုဏ်ပြုလေ့ ရှိသည်။

 

ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်ရာ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှု နှင့်အတူ ဆရာနှင့် တပည့်ဆက်ဆံရေး၊ ဆရာနှင့် မိဘဆက်ဆံရေးများလည်း လိုက်ပါပြောင်းလဲလာသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ပညာရေးတွင် ဆရာများသည်သာ အခရာဟူသည့် အယူအဆမှ ပညာရေးဟူသည် လူတိုင်းနားလည်ရန်လိုအပ်သည့် ကိစ္စအဖြစ်လည်းကောင်း၊ ဆရာဗဟိုပြု သင်ကြားရေး မှ ကျောင်းသားဗဟိုပြု သင်ကြားရေးအဖြစ် လည်းကောင်း ဆရာများသည် သင်ယူမှုပတ်ဝန်းကျင် ကို ဖန်တီးပေးရန်သာဖြစ်ကြောင်းနှင့် ကျောင်းများ တွင် အသုံးပြုနေသော ကျောင်းစည်းကမ်းများသည် ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီရန် လိုအပ်သည့် အယူအဆများကို လက်ခံ လာကြသည်။ တပည့်များ၏ အရည်အသွေးသည် ဆရာများအပေါ် များစွာတည်မှီလျက်ရှိရာ ဆရာများ ၏အရည်အသွေးမြင့်မားရေးသည် အနာဂတ်လူသား အရင်းအမြစ်များ ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် ကိစ္စရပ်ဖြစ်သည်။ အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးသည်။ မြင့်မားသည့်အဆောက်အအုံများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ကို အထူးကောင်းမွန်စွာ တည်ဆောက်ကြရသကဲ့သို့ပင် အခြေခံပညာကို အရည်အသွေးပြည့်ပြည့်ဝဝနှင့် ကျေညက်စွာ သင်ယူ နိုင်ခွင့်ရရှိရန် လိုအပ်သည်။

 

မဏ္ဍိုင်လေးရပ် တည်ဆောက်ရေး

 

ဘဝသစ်ထူထောင်ရေးအတွက် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် မိဘနှင့်မူလတန်းကျောင်း ဆရာ ဆရာမများသည် အရေးပါဆုံးသော ဗိသုကာ ကြီးများဖြစ်ကြသည်မှာ ထင်ရှားလှသည်ဟုဆိုကာ အခြေခံပညာမူလတန်း၏ အရေးကြီးပုံကို ရေးသား ရာတွင် “အမှန်စင်စစ်မှာ စာရိတ္တမဏ္ဍိုင်သာမက အခြားမဏ္ဍိုင်လေးရပ် တည်ဆောက်ရေးအတွက် လည်း စာသင်ကျောင်းများသည် အရေးပါဆုံးသော ဌာနကြီးများဖြစ်ကြသည်”ဟု ရေးသားကြသည်။ အခြေခံပညာရေးသည် ကျောင်းသားကျောင်းသူတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတည်းဟူသော ဗလငါးတန် မဏ္ဍိုင်ငါးရပ်တို့ကို အခြေတကျ စတင် ပြုစုပျိုးထောင်ရာဌာနကြီးများအဖြစ် ထင်ရှားစေခဲ့ ခြင်းပင်ဖြစ်သည်။ နောင်တစ်ခေတ်တွင် ခေါင်းဆောင် ဖြစ်လာမည့်၊ နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးများကို ပြုစုပျိုးထောင်ပေးကြ ရသည့် အခြေခံပညာ ဆရာ ဆရာမတို့မှာ အရေးပါ ဆုံးသော ပုဂ္ဂိုလ်များပင်ဖြစ်သည်။

 

ပညာရေးတွင် အမြဲတမ်းရင်းနှီးမြှုပ်နှံ၊ ပညာရေးတွင် အမြဲတမ်းအဆင့်မြှင့်တင်၊ ပညာရေးတွင် စဉ်ဆက်မပြတ်သင်ကြားရေးကို ပြုလုပ်နေကြသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ပညာရည် အမြင့်ဆုံးနိုင်ငံများတွင် ထိပ်ပိုင်းမှ ပါဝင်သောကြောင့် နိုင်ငံသေးငယ်သော်လည်း ဖွံ့ဖြိုးမှုမြင့်မားသောနိုင်ငံ ဖြစ်နေသည်။ ပညာရေးကို အဓိကဦးစားပေး ရင်းနှီး မြှုပ်နှံခဲ့သောကြောင့် စင်ကာပူနိုင်ငံ၏ ခေါင်းဆောင် လီကွမ်ယုက ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်းထက်များစွာ ပိုမိုနက်နဲ ကျယ်ဝန်းသည်။ စူးစမ်းလေ့လာမှု ပြင်းပြကာ အမြဲမပြတ် သင်ယူလေ့လာနေသူများကိုသာ ပညာတတ် ဟုယူဆကြောင်း ပြောကြားသည်ဟုသိရသည်။

 

နာယကဂုဏ်ခြောက်ပါး

 

ဘုရားလောင်းမျောက်မင်း ဇာတ်တော်သည် “ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု”ဟူသည့် နာယကဂုဏ်ခြောက်ပါးကို သာဓကဆောင်ထားခြင်းဟု ဆိုနိုင်သည်။ နာယက (အကြီးအမှူးပြုလုပ်သူ)တို့ လိုက်နာရမည့် ဂုဏ် ခြောက်ပါးမှာ (၁) ခမာ - သည်းခံခြင်း ခေါ် ခန္တီတရား များထားရှိရခြင်း၊ (၂) ဇာဂရိယ - အစစအရာရာ၌ သတိထက်ကြပ်ပါခြင်း၊ နိုးကြားခြင်း၊ (၃) ဥဋ္ဌာန- ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လရှိခြင်း၊ (၄) သံဝိဘာဂ -လျောက်ပတ်လျော်ကန် တော်တန်သလို ခွဲစိတ်ချီးမြှောက် ထောက်ပံ့ရခြင်း၊ (၅) ဒယာ - သူတစ်ပါးအား ကိုယ်နှင့်မခြား သနား ကြင်နာရခြင်း၊ (၆) ဣက္ခနာ - အလုံးစုံသော အခွင့်အရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ် နှင့် ပြည့်စုံရခြင်း၊ စုံစမ်းခြင်းတို့ဖြစ်ကြသည်။

 

မြန်မာနိုင်ငံအတွင်း မြို့ပြဒေသရော ကျေးလက် ဒေသပါမကျန် ပညာဖွံ့ဖြိုးတိုးတက်အောင် စီမံ ကိန်း၊ စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြရာတွင် “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက် အံ့”ဟူသော ဆောင်ပုဒ်ကို ခံယူချက်ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ပညာရည်ထူးချွန် ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်စေရန် ဆရာ ဆရာမများသင်ကြားလေ့ကျင့် ပုံသွင်းလောင်းရာတွင် အသိစိတ်ဓာတ်ဖြင့် စည်းကမ်းကောင်းမွန်ကြသည့် လူမွန်များအဖြစ်သို့ လည်း လေ့ကျင့်သွန်သင်လမ်းပြပေးရန် လိုအပ်ပြီး “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသော အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် မြတ်ဆရာများ၏ တာဝန်သာဖြစ်သည်။

 

ဆရာ ဆရာမများအနေဖြင့် ကလေးများ လူချွန်လူကောင်းဖြစ်ရန် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေရပြီဖြစ်ရာ ဆရာ ဆရာမတိုင်း သည် သင်ကြားရေးရော အုပ်ချုပ်ရေးပါ ပူးတွဲတာဝန် ထမ်းဆောင်နေကြရသူများဖြစ်သည်။ ထို့ကြောင့် ဆရာများသည် မိဘများနှင့် ကင်းကွာ၍မရပေ။ ကျောင်းနှင့်ရပ်ရွာဟူသည် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်း မှီ၊ ဆိုသကဲ့သို့ အပြန်အလှန် အကျိုးပြုနေကြရ သည်။ ကျောင်းတွင်းမိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များဖွဲ့စည်း၍ လူထု အတွက် ပညာရေးလိုအပ်ချက် ဖြည့်ဆည်း ဆောင်ရွက်ကြရသည်။

 

မြန်မာ့ပညာရေးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေးသည် လက်ဦးအစ အဓိကအရေးပါ ခဲ့သည်။ “မြန်မာ့အမျိုးသား ပညာရေးအစ ဘုန်းတော်ကြီးကျောင်း ပညာရေးက” ပြောစမှတ် ထားခဲ့သည်။ ယနေ့တိုင်အောင်လည်း ဘုန်းတော် ကြီးကျောင်းပညာရေး တည်ရှိမြဲဖြစ်သည်။ တပည့် တို့၏ အကျိုးစီးပွားရေးကို ရှေးရှုဦးတည်သော ရဟန်းကျင့်ဝတ်၊ လူကျင့်ဝတ်များ၊ စည်းကမ်းချက် များ၊ မင်္ဂလာတရားတော်များစသဖြင့် လောကီ၊ လောကုတ္တရာနှစ်ဖြာ အကျိုးရှိစေမည့် သင်ခန်းစာ များကို ဆရာတော်၊ သံဃာတော်များက သင်ကြားပို့ချဆုံးမပေးခဲ့သောကြောင့် ဆရာတော်၊ သံဃာ တော်များလည်း မြတ်ဆရာများပင် ဖြစ်ပါသည်။ မိခင်၊ ဖခင်တို့လည်း ကျေးဇူးရှင် “လက်ဦးဆရာ” များဖြစ်ကြပါ၏။ မိမိရင်သွေးကိုပြုစု၊ ယုယ၊ သင်ပြ၊ ဆုံးမခဲ့ကြသည်။ စားဝတ်နေရေး ငွေရှာပေးရုံ သာမက ကျွေးမွေး၊ သုတ်သင်၊ သွန်သင်ညွှန်ပြ ဆုံးမခဲ့ကြသည်။ မိဘနှစ်ပါးတို့သည်လည်းလက်ဦး ဆရာ၊ မြတ်ဆရာများပင်ဖြစ်သည်။ သားငယ် သမီးငယ်များ ကျောင်းနေအရွယ်ရောက်လာသော အခါ အသိပညာ၊ အတတ်ပညာသင်ကြားပေးကာ ဆုံးမပဲ့ပြင် သွန်သင်လမ်းညွှန်ပေးကြသော မြတ်ဆရာတို့ထံ အပ်နှံကြရသည်။ မြတ်ဆရာတို့သည် တပည့်ငယ်တို့အား ရင်ဝယ်သားပမာ မိဘနှင့်မခြား အကြင်နာ တရားအပြည့်ဖြင့် သင်ကြားပြသပေးကြရပါသည်။

 

မြတ်ဆရာတို့သည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးမှုပညာဟူသော ဘက်စုံပညာကို တပည့်တို့အား သင်ပေးကြရပါသည်။ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်။ အရှိန်အဟုန်ဖြင့် တိုးတက် ပြောင်းလဲနေသော သတင်းခေတ်ဟုလည်း ခေါ်ကြသည်။ ဆက်သွယ်ရေးမြန်လွန်းသဖြင့် ကမ္ဘာကြီးကိုရွာကြီးဟု ခေါ်နေကြပေပြီ။ ယခုခေတ်ဆရာတို့က ခေတ်တပည့်တို့အား ခေတ်မီအသိပညာ၊ သိပ္ပံ၊ နည်းပညာ၊ အတတ်ပညာအမျိုးမျိုးကို အချိန်နှင့် တစ်ပြေးညီ သင်ကြားလေ့ကျင့်ပေးကြပါသည်။ မြန်မာနိုင်ငံမှ မြတ်ဆရာများသည် နယ်ချဲ့ လက်အောက် ကိုလိုနီခေတ်၌ နိုင်ငံလွတ်လပ်ရေး အတွက် အမျိုးသားကျောင်းများ ထူထောင်ကာ အဘက်ဘက်မှ ပါဝင်လှုပ်ရှားခဲ့ကြသည်။ လွတ်လပ် ရေးရပြီးသောအခါ၌လည်း တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် အားတက်သရော အနစ်နာ အပင်ပန်းခံပြီး တပည့်များ နားမျက်စိပွင့်လာအောင် လုပ်ဆောင်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာ၌ လူ့စွမ်းအားအရင်း အမြစ်ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေး နေကြပါသည်။

 

မြန်မာမှုနယ်ပယ်၌ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး လောကကို ပညာဖြင့် အလှဆင်ကာ သောကကို ကရုဏာဖြင့် ဖြေဖျောက်ပြီး အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ် သူများပြပါဆိုလျှင် ဆရာ ဆရာမများကို ပြရမည် ဖြစ်သည်။ ဆရာဟူသည် တပည့်များအား ရှေ့ဆောင် လမ်းပြပေးနေသည့် မီးရှူးတန်ဆောင် မေတ္တာ စေတနာရှင်ကြီးဖြစ်သည်။ ဆရာသမားများ၏အရိပ် သည်ကား တပည့်တည်းဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန် ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိလေသည်။ ဆရာများ၏ ဂုဏ်ကျေးဇူးကိုရေးပြ၍ပင် ကုန်စင်မည် မဟုတ်ပါ။ “အာစရိယ ဂုဏောအနန္တာ” ဟု နေ့စဉ်ရှိခိုး၍ ဖွင့်ဟထုတ်ဖော် ချီးကျူးချက်များ မှာ ဆရာ ဆရာမများ၏ ဂုဏ်ကျေးဇူးဖော်ကျူးရင်း ကမ္ဘာ့ဆရာများနေ့သည် အောက်တိုဘာလ ၅ ရက်နေ့ ကျရောက်မည်ဖြစ်ရာ မြန်မာ့ဆရာများအပါအဝင် ကမ္ဘာ့ဆရာများအားလုံးကို ဂုဏ်ယူလေးစား တန်ဖိုးထားပါကြောင်းရေးသားလိုက်ရပါသည်။