မောင်သောင်းဝင်း(တမန်ဟောင်း)
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီး ဌာနအလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ခန့်မှန်းထား ကာ ဆုတံဆိပ် ၂၀၀ ကျော် ပေးသွားမည်ဖြစ်သည်။
စတုတ္ထအကြိမ်အထိကျင်းပခဲ့
အမျိုးသားအားကစားပွဲတော်များကို (၄) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ရာ ပထမအကြိမ်ကို ၁၉၉၂ ခုနှစ် မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် အားကစားနည်း ၂၂ မျိုး၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် အားကစားနည်း ၂၄ မျိုး၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် အားကစားနည်း ၂၉ မျိုး၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် အားကစားနည်း ၂၇ မျိုးတို့ဖြင့် ကျင်းပခဲ့သည်။
ကြိုတင်ပြင်ဆင်မှုများပြုလုပ်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပရန် အချိန်ကာလနီးကပ်လာပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
အထူးသဖြင့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာ့လက်ရွေးစင် အားကစားသမား ဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာ လောကသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် ကျရာအခန်းကဏ္ဍအလိုက် အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ကောင်းမွန်သောရည်ရွယ်ချက်များ
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလအတွင်း ခမ်းခမ်းနားနား၊ စည်စည်ကားကားနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ အားကစားပွဲတော်၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြား နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ဖြစ်သည်။
ရွေးချယ်သွားမည်
ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ထွက်ပေါ်လာမည့် အလားအလာရှိသည့် လက်ရွေးစင် အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစား ပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် အမှန်တကယ် အရည်အချင်းရှိသူများ၊ အားကစားနည်းအလိုက် စံနှုန်းကောင်းမွန်သူများကို ရွေးချယ်သွားမည်ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံတကာပြိုင်ပွဲများ၌ ယှဉ်ပြိုင်သည့်အခါ အဆင့်မီမီ၊ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ကြမည် ဖြစ်သည်။
ထို့ပြင် အမျိုးသားအားကစားပွဲတော်တွင် စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့် ပေးအပ်ခြင်းကဲ့သို့သော အားပေးချီးမြှင့်ခြင်းများလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် အားကစားသမားတိုင်းက မိမိတို့အားကစားနည်းအလိုက် ထူးချွန်အောင်၊ စံချိန်ကောင်းများရရှိအောင်၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများအထိ ယှဉ်ပြိုင်နိုင် အောင် အစွမ်းကုန် ပြင်ဆင်လေ့ကျင့်သွားရန် လိုအပ်ပေသည်။
လက်နက်မပါသောတိုက်ပွဲများ
နိုင်ငံတစ်နိုင်ငံ၏ အားကစားအောင်မြင်မှုက ထိုနိုင်ငံ၏ လူမှုအဆင့်အတန်းမြင့်မားမှုကို ပြသလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု မြင့်မြင့်မားမား ရရှိနိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းကြရသည်။ အမှန်တော့ မြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ဘောလုံးအပါအဝင် အားကစားနည်း အများအပြားတို့တွင် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည့် မှတ်တမ်းများရှိခဲ့သည်။
စင်စစ်အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်တစ်ရပ်ကို ထည့်သွင်းချမှတ်ထားသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ချမှတ်ထားခြင်းဖြစ်သည်။ တစ်မျိုးသားလုံး ကျန်းမာနေမှသာလျှင် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အားကစား၏ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည်ဆိုသော် လည်း ယခုအခါ အားကစားသည် တစ်ဦးချင်း ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီ ပါဝင်သည့်ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစား ပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ် ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိသည်။ အားကစား အောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာ ကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေ ခြင်း ဖြစ်သည့်အတွက် “အားကစားပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများ”ဟု တင်စား ပြောဆို ရေးသားလာကြပြီဖြစ်သည်။
အမှန်တော့ အစိုးရအဆက်ဆက်သည် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အမျိုးသားအားကစားပွဲတော်များကို ကျင်းပခဲ့ကြသည်။ အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် နိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးကို များစွာအထောက်အကူပြု နေသည့်အပြင် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူ ပြုလျက်ရှိသည်။ ထို့ကြောင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အလားအလာရှိသော မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစား စုပေါင်းလှုပ်ရှားမှုများနှင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည့်အပြင် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့လည်း စဉ်ဆက်မပြတ် စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိသည်။
မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာမည်
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် ကြီးသည် တိုင်းရင်းသားပြည်သူအားလုံး၏ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ် အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။ အထူးသဖြင့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးကို ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါ၊ စည်စည်ကားကား၊ စံချိန်စံညွှန်းကောင်းကောင်း ကျင်းပနိုင်ရန် ဘက်စုံ ထောင့်စုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်လာစေရေးရည်ရွယ်ကာ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်းဖြစ်သည်။ ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေး အဆင့်ဆင့်သောပြိုင်ပွဲများပြုလုပ်ပြီး စနစ်တကျလူရွေးချယ်ခြင်း၊ စနစ်တကျ ကြိုတင်ပြင်ဆင် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ထားသင့်ပါသည်။ ထို့ပြင် ပြိုင်ပွဲဝင်ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအနေဖြင့် မျိုးဆက်သစ်များအား အခြေခံကျကျရွေးချယ်မှသာ အားကစားနည်း အလိုက် မျိုးဆက်သစ် အမြောက်အမြား ပေါ်ထွက်လာမည်ဖြစ်ပါသည်။
ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေး စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသကဲ့သို့ အမျိုးသားအားကစား ပွဲတော်ကြီးကို အောင်မြင်စွာကျင်းပနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်မိပါတော့သည်။
ကိုးကား။
နေ့စဉ်ထုတ်သတင်းစာများ။