မျိုးစေ့ပြပွဲ(၂၀၂၄)သို့ တောင်သူလယ်သမားများ လာရောက်လေ့လာ

နေပြည်တော် မတ် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ်  “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024)ကို  မတ် (၁)ရက်မှ (၃)ရက်အထိ  စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝန်း၌ ကျင်းပခဲ့ရာ ပြပွဲကာလ (၃)ရက်အတွင်း နေပြည်တော် နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများ၊ မျိုးစေ့ ကဏ္ဍဆိုင်ရာကုမ္ပဏီများ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းကိုစိတ်ပါဝင်စားကြသော ပြည်သူများ၊ ရေးဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာခဲ့ကြသည်။

မတ်(၃)ရက်တွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က လာရောက်လေ့လာကြသည့် မကွေးတိုင်းဒေသကြီးမှ တောင်သူလယ်သမားများ နှင့် နေပြည်တော်ကောင်စီနယ်မြေမှ လေ့လာရေးလာရောက်ကြသူများကို ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ပြခန်းပြကွက်များ၊ မျိုးစေ့စမ်းသပ်စိုက်ကွင်းများ အတွင်း လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ဒုတိယဝန်ကြီး က လေ့လာရေးတောင်သူများအား ဆွေးနွေးမှာကြားရာတွင် သုတေသန လုပ်ငန်းများ၊ မျိုးစေ့ထုတ်သည့်လုပ်ငန်းများနှင့် မျိုးရွေးချယ်သည့် လုပ်ငန်း များတွင် တောင်သူလယ်သမားကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ယုခုကဲ့သို့ ပြပွဲများကျင်းပခြင်း ဖြစ်ပါကြောင်း၊ မျိုးစေ့ပြပွဲကရရှိသည့် နည်းပညာများ၊ အတွေ့ကြုံများ၊ မျိုးစေ့ပြပွဲ၏ အသွင်သဏ္ဍာန်နှင့် အနှစ်သာရများကို စနစ်တကျ လေ့လာသွားကြပြီး မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးနှင့် မျိုးစေ့လုပ်ငန်းအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)စီးပွားရေး လုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

တောင်သူလယ်သမားများ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများနှင့် လေ့လာရေးအဖွဲ့ များသည် မျိုးစေ့ပြပွဲ(၂၀၂၄)တွင် ခင်းကျင်းပြသထားသည့် မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ ထုတ် အသင်းအဖွဲ့များက ခင်းကျင်းပြသထားသည့် ပြခန်းများ၊ မျိုးစေ့မှတ်ပုံတင်ရန် သီးနှံမျိုး နမူနာများကို စမ်းသပ်စိုက်ပျိုးထားသည့် စိုက်ကွင်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံပြစိုက်ခင်းများကိုလှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်