နေပြည်တော် ဖေဖော်ဝါရီ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) တတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက်ကျင်းပသည်။

ပြပွဲတွင် မြန်မာနိုင်ငံမျိုးစေ့အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမျိုးစေ့၊ ပျိုးပင်၊ ပြခန်းပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများအပါအဝင် ပြခန်းပေါင်း ၃၅ ခန်း စုံလင်စွာ ခင်းကျင်းပြသထားသည်။

ထိုသို့ ခင်းကျင်းပြသထားမှုကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးကို စိတ်ဝင်စားသူများ၊ မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည်ကို တွေ့မြင်ရသည်။

ထို့ပြင်ပြပွဲ၌ ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ၊ တောင်သူနှီးနှော ဖလှယ်ပွဲများနှင့် နည်းပညာအခြေပြု စိုက်ပျိုးပညာပေးရေး လုပ်ငန်းများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့် သက်ဆိုင် သည့် ဗဟုသုတများကို စုံလင်စွာလေ့လာခွင့် ရခဲ့ကြသည်။

ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းနဲ့ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ တောင်သူ ဦးစိုးဝင်းက မျိုးစေ့ဈေးတွေ ကြီးမားတဲ့အတွက် တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်ပြီး နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ဖို့နဲ့ ဝါစိုက်တောင်သူများ အစုအဖွဲ့အလိုက် ချေးငွေရရှိရေးတို့ကို ဆွေးနွေးခဲ့ပါတယ်ဟု ပြောကြားသည်။

မျိုးစေ့ပြပွဲ ၂၀၂၂ ကို မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

လာရောက်လေ့လာနိုင် ယခုပြပွဲကို လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၈ ရက် မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိမိတို့လယ်ယာမြေနှင့် ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များကို လာရောက်လေ့လာခွင့်ရမည့်အပြင် စိုက်ပျိုးရေး ဗဟုသုတများစွာလည်း ရရှိမည်ဖြစ်သည့်အတွက် လာရောက်လေ့လာနိုင်ရန်သတင်းကောင်းပါးအပ်ပါသည်။ ။

သတင်း - ခေတ်လူငယ်၊

ဓာတ်ပုံ - ကိုကိုထိန်