မိုဘိုင်းဖုန်းဖြင့် မီတာဆောင်နိုင်တော့မည်

မန္တလေး ၁၄ ဇန်နဝါရီ

 

မန္တလေးမြို့မှာ မိုဘိုင်းဖုန်းဖြင့် မီတာဆောင်နိုင်ရန်အတွက် ရှေ့ပြေးပရောဂျက်အနေဖြင့် ပုသိမ်ကြီးမြို့နယ်တွင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

မိုဘိုင်းဖုန်းဖြင့် မီတာဖတ်ခြင်း၊ မီတာဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးပရော့ဂျက်အနေဖြင့် ပုသိမ်ကြီးမြို့နယ်တွင် စာရင်းပြုစုခြင်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

 

“ပုသိမ်ကြီးမြို့နယ်မှာ Survey ကောက်ပြီးရင် နောက်ထပ်နှစ်လ၊ သုံးလလောက်နေရင် စပြီးဆောင်ရွက်နိုင်မှာပါ”ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်(၁) ဦးအောင်မြင့်မှ ပြောသည်။

 

ယခုလို ဆောင်ရွက်နိုင်ရန်အတွက် Automatic မီတာများတပ်ဆင်ပြီးတဲ့အခါ လျှပ်စစ်မီးအသုံးပြုသူများအတွက် အချိန်ကုန်သက်သာခြင်း၊ ကိုယ်တိုင်မီတာဆောင်စရာမလိုဘဲ မိုဘိုင်းဖုန်းဖြင့် ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်သည်။

 

“ကိုယ်တိုင်သွားဆောင်စရာမလိုတာတော့ ကောင်းပါတယ်။ အခုကျတော့ မီတာသွားဆောင်ရတာကိုက အလုပ်တစ်ခုဖြစ်နေတယ်။ မီတာဆောင်ဖို့ရက်လွန်သွားတာတွေ ဘာတွေမဖြစ်နိုင်တော့ဘူးပေါ့”ဟု ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် မနွယ်စိုးမှ ပြောသည်။


အိမို့မို့ခိုင်