မြိတ်တက္ကသိုလ်တွင် နှစ်(၂၀)ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ

မြိတ်  ၁၄  ဇန်နဝါရီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၏ နှစ်(၂၀)ပြည့်ကြွေရတု အထိမ်းအမှတ်အဖြစ်  တက္ကသိုလ်၏ လုပ်ငန်းတစ်ခုဖြစ်သည့် သုတေသနလုပ်ငန်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

111

 

“ တက္ကသိုလ်ဆိုတာ သုတေသန နယ်ပယ်နဲ့ ကင်းကွာလို့မရပါဘူး။ ကင်းကွာလို့မရတဲ့အတွက်ကြောင့် သုတေသနလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့နေရာမှာ ကျောင်းသူ/ကျောင်းသားတွေလည်း ပါဝင်လုပ်ဆောင်နေသလို ဆရာ/ဆရာမတွေလည်း လုပ်ဆောင်နေတာရှိပါတယ်။ ဒါကြောင့်မို့ သုတေသန ရလဒ်ကောင်းတွေ ဘယ်လောက်လုပ်ဆောင်နေကြသလဲ။ ဘယ်လိုရလဒ်ကောင်းတွေရနေကြသလဲ ဆိုတာကို ဆရာ/ဆရာမတွေရော ကျောင်းသူ/ကျောင်းသားတွေပါ အားလုံးကို သိစေချင်ပါတယ်။ လေ့လာရမှာလည်းဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦး က စာတမ်းဖတ်ပွဲတွင် ပြောကြားသည်။

 

222

 

စာတမ်းဖတ်ပွဲကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဝိဇ္ဇာအထူးပြု ဘာသာရပ်များမှ စာတမ်း(၁၂)စောင်၊ သိပ္ပံအထူးပြု ဘာသာရပ်များမှ စာတမ်း(၁၄)စောင် ဖတ်ကြား ခဲ့ကြကြောင်း သိရသည်။ အဆိုပါစာတမ်းများကို ဘာသာရပ်အလိုက် ဆရာ/ဆရာမများနှင့် သင်တန်းနှစ်အသီးသီးမှ တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများမှ ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ် နှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများက ဝိုင်းဝန်းမေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

 

333

 

မြိတ်တက္ကသိုလ်ကို ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်သည် နှစ်(၂၀)ပြည့်မြောက်ခဲ့သည့် ကြွေရတုအထိမ်းအမှတ်  စာတမ်းဖတ်ပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ  ၁၆ ရက်နေ့တွင် တက္ကသိုလ်အတွင်း ပျော်ပွဲရွင်ပွဲနှင့်ဈေးရောင်းပွဲ၊ မျိုးဆက်သစ်များနှင့် မျိုးဆက်ဟောင်းများ အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မြိတ်တက္ကသိုလ် ပါမောက္ခချုပ်ထံမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

444