မိတ္ထီလာမြို့ပေါ်ရှိ  ရပ်ကွက်(၇)ခု၌ မြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် လယ်ယာမြေအဖြစ် စာရင်းပေါက်မြေများအား မြေတိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ    ၁၆    မေ 


မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်(၇)ခု၌ မြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် လယ်ယာမြေအဖြစ် စာရင်းပေါက် မြေများအား မြို့မြေ(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရသောမြေ) မြို့ကွက်မြေပုံရရှိရန် မေ ၁ ရက်မှစတင်၍ ရန်မျိုးအောင် ရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးခြင်း၊ ရပ်ကွက်နယ်နိမိတ်မှတ်တိုင်များ စိုက်ထူးခြင်းနှင့် မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဖွဲ့နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက် (၁၄)ခုအနက် ရန်မျိုးအောင်၊ အောင်ဆန်း၊ နန်းတော်ကုန်း၊ ပေါက်ချောင်း၊ ဝန်ဇင်း၊ အောင်ဇေယျာ၊ ကျီတော်ကုန်း စသည့် ရပ်ကွက်(၇)ခုတွင် လယ်ယာမြေအဖြစ် စာရင်းပေါက်မြေများအား (မြို့မြေ) အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (မြေငှားဂရမ်) ထုတ်ပေး နိုင်ရေးအတွက် မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 


ထို့သို့ တိုင်းတာရာတွင်လည်း ရပ်ကွက်အတွင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ရပ်ကွက် နယ်မြေပိုင်းခြား သတ်မှတ်ခြင်း လုပ်ငန်းများကို ပထမဦးဆုံး အနေ ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၎င်းလုပ်ငန်းများပြီးစီးပါက တစ်ဦးချင်း၏ မြေပိုင်ဆိုင်မှုကို စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး မြေပုံထွက်သည်နှင့် တစ်ဦးချင်း၏ ပိုင်ဆိုင်မှု မှတ်ပုံတင်ပြုလုပ်ခြင်း လုပ်ငန်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြေပေးမိန့် ချထားပေးသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မြေပေးမိန့်ရသည့်နှင့် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေဂရမ်လျှောက်ထားနိုင်ရေး မြေစာရင်းပုံစံ 105 / 106 များ ကူးယူထုတ်ပေးသွားရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 


အဆိုပါ  မြေစာရင်းပုံစံ 105 / 106 ရသည်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနမှ မြေငှားဂရမ်ချထားပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးသည်အထိ အဆင့်ဆင့်လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


“မြေဂရမ်ထုတ်ပေးနိုင်ရေး ရပ်ကွက်အတွင်း မြေတိုင်းနိုင်ရန်  မြိုနယ်မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ပြီးနောက် ပထမအဆင့်အနေဖြင့် ရပ်ကွက်နယ်နိမိတ် သတ်မှတ်နိုင်ရေးအတွက် အမှတ်အတားတိုင်များ စိုက်ထူးခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ နယ်နိမိတ်သတ်မှတ်ခြင်း၊ မြေတိုင်ခြင်းလုပ်ငန်းများပြီးစီး၍ မြေငှားဂရမ်းများ ရပ်ကွက်နေပြည်သူများထံ ထုတ်ပေး ပြီးစီးပါက ရပ်ကွက်နေပြည်သူများ အနေဖြင့် တစ်ဦးချင်း ပိုင်ဆိုင်မှု အထောက်အထားများ ခိုင်မာလာမည်ဖြစ်ပြီး မြေပိုင်ဆိုင်မှု ပြဿနာများ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်မျိုးအောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချောက ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)