မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

 

မိတ္ထီလာ ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့်  နွေစပါးစိုက်ပျိုးဧက ၄၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ၎င်းစိုက်ပျိုးဧကများအနက် နွေစပါး စိုက်ဧက ၂၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသည်။ ယင်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရာတွင် သက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နွေစပါးစိုက်ဧက တစ်ဧကလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှစ်သိန်းကျပ်အား အကျိူးတူ ကုမ္ပဏီအားပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက် တောင်သူများအား ငွေကျပ် နှစ်သိန်း တန်ဖိုးနှင့် ညီမျှသည့် စပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါပေးအပ်သည့် ကုမ္ပဏီအား ငွေကျပ်နှစ်သိန်းနှင့် ညီမျှသည့် နွေစပါးများကို ကာလပေါက်စျေးနှုန်းဖြင့် ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ ကွင်း ၂ ကွင်းတွင် တောင်သူ ၅၉ ဦးမှ စိုက်ဧက ၁၅၀ နှင့် သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာရှိ ကွင်း ၂ ကွင်းတွင် တောင်သူ ၃၁ ဦးမှ စိုက်ဧက ၅၀ဧကတို့ကို စိုက်ပျိုးထားရှိရာ ၎င်း နွေစပါးစိုက်ဧက ၂၀၀ တွင် ထိုင်းနှံကောက်၊ ရတနာတိုး၊ မနောသုခနှင့် GW-11 မျိုးများ စိုက်ပျိုက်ထားရှိရာ ၎င်းစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။                            

သိန်းမြင့်ကျော်(မိတ္ထီလာ)