မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

မိတ္ထီလာ၊ ဇူလိုင် ၁

           

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  

           

အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့်  ရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီးဦးသာဝတို့က အမှာစကား ပြောကြားကြပြီး သင်တန်းသူများအား အခြေခံစက်ချုပ်နည်းပညာများ သင်ကြားပေးနေမှုကို  ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

           

အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသူ (၂၀)ဖြင့်  ဇူလိုင်လ ၁ ရက်နေ့မှ  ၃၀ ရက်နေ့အထိ   စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကတ်ချုပ်နည်း အမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)