မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်တွင် စစ်ကျန်ဗုံသီးဟောင်း(၆) လုံးတွေ့ရှိ

မိတ္ထီလာ ၁၁ ဇူလိုင်


မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း ရေကန်အနီးမှ စစ်ကျန်ဗုံးသီးဟောင်း (၆) လုံးကို ယမန်နေ့ ည ၁၀ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။


မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၇)အတွင်း ဗုံသီးဟောင်းများ တွေ့ရှိထားကြောင်း သတင်းအရ အမှတ်(၂) နယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဝန်ဇင်းရပ်ကွက် နယ်မြေ(၇)ရှိ ဦးသိန်းအောင် (၇၆)နှစ်၏ နေအိမ်ခြံဝန်းအရှေ့ဘက် ရေကန်အနီးမှ အမျိုးအမည်မသိသော အလျား (၁၃)လက်မ  လုံးပတ်(၁၃)လက်မ ထု(၄)လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ အလျား(၁၂)လက်မ လုံးပတ်(၁၁) လက်မ ထု(၄)လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၂)လုံး၊ အလျား(၁၅)လက်မ  လုံးပတ် (၁၂)လက်မ ထု(၄)လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ အလျား(၉)လက်မ လုံးပတ် (၉)လက်မ ထု(၃)လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ အလျား(၁၁)လက်မ လုံးပတ်(၁၀)လက်မ ထု(၃)လက်မခန့်ရှိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး စုစုပေါင်း စစ်ကျန်ဗုံးသီးဟောင်း(၆)လုံး တွေ့ရှိခဲ့ရသည်။

 

အဆိုပါ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၆)လုံးကို အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး စနစ်တကျလွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)