မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာရှိ စမ်းသပ်ဆောင်ရွက်ဆဲ လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လေ့လာ

မိတ္ထီလာ ၈ ဇန်နဝါရီ

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ဆွာတောကျေးရွာရှိ စမ်းသပ်ဆောင်ရွက် ဆဲလူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံစုံမှ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့လာကြောင်း အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ) အစီအစဉ်အရာရှိ ဦးတိုးတိုးထံမှ သိရသည်။

“လူထုအခြေပြုခရီးသွားလုပ်ငန်း ကို ၂၀၁၄ ခုနှစ်က မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ အက်ရှင်အေ့ဒ်မြန်မာက စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာမှာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့တာပါ။ စမ်းသပ်ဆောင်ရွက်ဆဲကာလမှာ အာဆီယံနိုင်ငံတွေအပြင် ကိုရီးယား၊ သြစတြေးလျ၊ ယူကေ၊ ယူအက်စ်အေ၊ နိုင်ဂျီးရီးယားနဲ့ နိုင်ငံစုံက နိုင်ငံခြားခရီးသွားဧည့်သည်တွေက ဆွာတောကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို လာရောက်လည်ပတ်ပြီး ဒေသခံတွေရဲ့ ကျေးလက်လူနေမှု ဓလေ့ထုံးစံတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်။ ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့ ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီကတစ်ဆင့် လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေက ဆွာတောကျေးရွာမှာရှိတဲ့ ကျေးလက်လူနေမှုဓလေ့ထုံးစံများကို နှစ်သက် သဘောကျတာ တွေ့ရတယ်။ အခု ၂၀၁၉ ဇန်နဝါရီလထဲမှာ လူထုအခြေပြုခရီး သွားလုပ်ငန်းကို ဆွာတောကျေးရွာမှာ အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားဖို့အတွက် ဆွာတောကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်တွေနဲ့ ကျွန်တော်တို့ အက်ရှင်အေ့ဒ်မြန်မာက တာဝန်ရှိသူတွေ ညှိနှိုင်းတိုင်ပင်နေကြပါတယ်”ဟု ၎င်းက ပြောသည်။ 

ဆွာတောကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများကို အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ) ဖြည့်ဆည်း ကူညီပေးလျက်ရှိပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေရှည်ကာလတွင် ဒေသခံများ ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ (မိတ္ထီလာ)