မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၃ မေ

 

ပြဿနာတစ်ခု၏ ဖြစ်စဉ်အမှန်ကိုသိလိုပါမူ တစ်ဆင့်စကားဖြင့်လည်းကောင်း၊ တစ်ဖက်သတ် အမြင်ဖြင့်လည်းကောင်း၊ တစ်ဖက်အတွေ့အကြုံဖြင့်လည်းကောင်း အမှန်မသိနိုင်ပါ။ ဖြစ်စဉ်အမှန်ကို သိနိုင်ရန် အတွက် နှစ်ဖက်အမြင်နှင့် ကိုယ်တိုင်ကိုယ်ကျ စေ့စေ့စပ်စပ်လေ့လာပြီးမှ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ခြင်းသည်သာ ဖြစ်စဉ်အမှန်နှင့် နီးစပ်နိုင်ပါသည်။

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာအသိုက်အဝန်းတို့သည် ပကတိဖြစ်စဉ်အမှန်နှင့် ဝေးကွာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်အရေး စတင်ဖြစ်ပွားခဲ့သည့် ယမန်နှစ် ဩဂုတ်လမှစတင်၍ တစ်ဆင့်စကား ကြားသိရသော မမှန်သတင်းများ သို့တည်းမဟုတ် ပုံကြီးချဲ့ သတင်းများအရ လည်းကောင်း၊ တစ်ဖက်သတ် သိရှိရသော အတွေ့အကြုံများအရ လည်းကောင်း ဖြစ်စဉ်အမှန်နှင့် ဝေးကွာကာ အထင်အမြင်လွဲမှားမှုများရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဖြစ်စဉ်အမှန်ကို မကြာမကြာ ရှင်းလင်းပြသပေးခဲ့ရာ မိတ်ဆွေကောင်းတို့က အသိအမှတ်ပြုလက်ခံကြသော်လည်း အထင်အမြင် လွဲမှားသဘောမပေါက်သူများက မမှန်သတင်းများကိုသာ အကြိမ်ကြိမ်အခါခါဆိုခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရဝပြုတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌနှင့် ထိုကော်မတီ၏ အကြံပေးအဖွဲ့ဝင်များ၊ UEHRD ညှိနှိုင်းရေးမှူးချုပ်နှင့် ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ဝင် များအား တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ထိုသို့တွေ့ဆုံခဲ့ရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့ ကွင်းဆင်း သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြန်လည်လက်ခံရေးစခန်းများ၊ ပြန်လည် ဝင်ရောက်လာသူများအား NVC ထုတ်ပေးရေးလုပ်ငန်းများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ ခေတ္တ နေထိုင်မည့် အဆောက်အအုံများအား ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ပဋိပက္ခဖြစ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ကြရသည့် ရခိုင်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံပြီး သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ထိုနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျ သဘာပတိနှင့်အဖွဲ့ဝင်များက နေပြည်တော်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာနေရာများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာဆွေးနွေးမေးမြန်းခဲ့ကြခြင်းဖြစ်ရာ ဆိုင်ရာဆိုင်ရာများနှင့် နှစ်ဖက်အမြင်၊ နှစ်ဖက်သဘောထားများကို သိရှိကြရပြီး မှန်မှန်ကန်ကန်သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ပကတိ အခြေအနေမှန်များကို သိရှိရပြီး ဖြစ်၍ မြန်မာနိုင်ငံမှ လက်တွေ့ကျကျ ဆောင်ရွက်နေမှုများအပေါ် နားလည်ကာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ထင်မြင်ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အဆိုပါကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် တိုးတက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရခဲ့ခြင်းအား ကြိုဆိုကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ယခုခရီးစဉ်သည် အပြုသဘောဆောင် အကောင်းမြင်ပြီး တိုးတက်ဖြစ်ထွန်းမှုများ ရရှိလိမ့်မည်ဟုယုံကြည်ပါသည်။ ။

(ကြေးမုံ)