မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ

မြိတ် ၂ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ် အားကစား သမားများပေါ် ထွန်းလာစေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Township Spots Development Program  အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင် အားကစားခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

“မြန်မာ့ရိုးရာ လက်ဝှေ့အားကစားကို မြိတ်မြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်အားကစား သမားများနှင့် နိုင်ငံ့လက်ရွေးစင် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားသမားများ မွေးထုတ်ရာ၌ သက်ဆိုင်ရာမှ ပံ့ပိုးမှုအားနည်း၍ မျိုးဆက်သစ် အားကစားသမားများ တဖြည်းဖြည်း လျော့နည်းလာခဲ့တယ်။ ယခုပြိုင်ပွဲတွင် PTC ကုမ္ပဏီမှ ထပ်ဆောင်းဆုကြေးငွေများ ပံ့ပိုးကူညီပေးခဲ့ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဝေက ပြောသည်။

 

ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နှင့်ဇန်နဝါရီ ၁ ရက် ည ၇နာရီခွဲတွင် ပြိုင်ပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် လူသစ်တန်းပြိုင်ပွဲ၊ ဝါသနာရှင် ပြိုင်ပွဲနှင့် အထူးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဝါသနာရှင်နှင့်လူသစ်တန်းတွင် ပြိုင်ပွဲ(၇)ပွဲနှင့် အထူးပွဲ (၃)ပွဲ ကျင်းပခဲ့ကာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုကြေးငွေများကို ပြိုင်ပွဲဝင်များအား ပြိုင်ပွဲကျင်းပရေးကော်မတီမှ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ်ပြန်/ဆက်)