မြိတ် ဧပြီ ၃
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ပျိုးမှု ဖြစ်ထွန်းနေသော်လည်း မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံ လိုအပ်လျက်ရှိကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးအောင်မြင်သည့် ရေမြေရာသီဥတုရှိသောကြောင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအများအပြား ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်မှ စတင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးမှု စတင်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးတစ်ခုလုံးတွင် ဧက(၄)သိန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးမှု ဧက(၄)သိန်းကျော်ရှိသည့်အနက် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ကော့သောင်းခရိုင်တွင် ဆီကြမ်းစက်ရုံ (၂)ရုံရှိကြောင်း သိရသည်။
“မြိတ်ဒေသမှာရှိတဲ့ ဆီကြမ်းစက်လေးတွေက ဆီသီးခိုင်တွေကို အမြဲကြိတ်ခွဲနိုင်ခြင်း မရှိသေးပါဘူး၊ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ တောင်ဒဂုန်ဆီကြမ်းစက်ရုံနဲ့ ကော့သောင်းမှာရှိတဲ့ ယုဇနစက်ကြမ်းရုံတွေကို ပို့ဆောင်ပေးနေရပါတယ်။ လက်ရှိပေါက်ဈေးအရ ဆီသီးခိုင်ဈေးနှုန်းတွေက တစ်တန်ကို ကျပ် ၃ သိန်းမှ ၃၁၀၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်” ဟု မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပြောသည်။
တနင်္သာတိုင်းဒေသကြီးအတွင်း ဆီအုန်းကုမ္ပဏီပေါင်း (၂၀)ကျော်ရှိပြီး ပုဂ္ဂလိကခြံရှင် (၄၀)ခန့်ရှိကာ ကုမ္ပဏီနှင့် ခြံရှင်အများစုတို့မှာ ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်ရုံများသို့ သွားရောက်ရောင်းချနေရကြောင်း သိရသည်။
“ကျနော်တို့ခြံကထွက်တဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုန်စက်ရုံမှာပဲ သွားရောက်ရောင်းချနေရပါတယ်။ ဆီအုန်းစိုက်ပျိုးမှုက နောက်ပိုင်း တွက်ခြေကိုက်လာသော်လည်း ဆီသီးခိုင်သွားရောက်ရောင်းချရတဲ့ စရိတ်တွေက ကုန်ကျမှုတွေရှိနေပါတယ်။ မြိတ်ခရိုင်အတွင်းမှာ ဆီကြမ်းစက်ရုံတွေသာ ရှိမယ်ဆိုရင် ကျနော်တို့ ခြံရှင်တွေအတွက် ပိုပြီးအဆင်ပြေလာဖို့ရှိပါတယ်” ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးနေသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းမှုမှာ တနင်္သာတိုင်းဒေသကြီး တစ်ခုတည်းသာရှိသည့်အတွက် ခရိုင်အလိုက် ဆီကြမ်းစက်ရုံများ ဖြစ်ပေါ်လာရန် ဒေသခံဆီအုန်းစိုက်ပျိုးသူများက မျှော်လင့်နေကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


