မိရိုးဖလာ မြန်မာ့ရိုးရာ လက်မှု ပန်းပုပညာရှင်များ၏ ဘဝတိုးတက်လာစေရန်အတွက် ဈေးကွက်ကောင်းများ ရရှိရန် လိုအပ်နေ 

သုဝဏ္ဏဝတီ  ၂၉  ဩဂုတ် 

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင်  မြန်မာ့ရိုးရာ ပန်းပုပညာရှင်များသည် အဖွဲ့လိုက် လာရောက်၍ မိသားစု စားဝတ်နေရေးအတွက် နေ့စား၊ လခစား၊ ပုတ်ပြတ်ဖြင့် သစ်သားပန်းပုရုပ်များ ထုလုပ်ပေးနေကြောင်း သိရသည်။

 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်မြို့မှ မိရိုးဖလာ လက်မှုပညာ ပန်းပုလုပ်ငန်းဖြင့် အသက်မွေးကြ သူများသည် မိသားစုလိုက်၊ အဖွဲ့လိုက်စုပြီး မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင်သာမက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများသို့လည်း ပန်းပုပညာဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရကြောင်း သိရသည်။

 

 “ မိဘများ ထံမှ ရိုးရာလက်မူပညာကို ငယ်ငယ်ထဲက သင်ယူခဲ့ပြီး၊ စားဝတ်နေရေးအရ အဆင်မပြေလို့ အပြင်ကို အလုပ် ထွက်လုပ်တာပါ၊ အဘိုး၊ အဖေ၊ ဦးလေးတွေက စလို့ မိသားစုအားလုံး ပန်းပုပညာနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်၊ ခေတ်အခြေအနေအရ ဒေသအသီးသီးမှာ တစ်ကွဲတစ်ပြားစီ အလုပ် လုပ်ကြပါတယ် ၊ ကျနော်တို့ အနုပညာကြေးကလည်း ထိုက်သင့်သလို ရတဲ့အခါလည်း ရ၊ မရတဲ့ အခါမှာ လည်း မရပါဘူး၊ စီးပွားရေးအရ အရင်းအနှီးနဲ့လည်း ဆိုင်ပါတယ်၊ ကျွန်တော်တို့က မရင်းနိုင်ဖူးလေ ၊စီးပွားရေးလုပ်ငန်းရှင်တွေက ရင်းနိုင်ပါတယ်၊ စီးပွားရေး ဆန်သွားပြီလေ၊ ဈေးကွက်ထဲမှာ ဈေးကောင်းရဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့အတွက်တော့ ဝင်ငွေမကောင်းရင် မိသားစု စားဝတ်နေ ရေးမှာ အခက်အခဲတွေ ရှိပါတယ် ”ဟု ဒါးပိန်မြို့မှ  ပန်းပုပညာရှင် ကိုရဲနိုင်ဦး က ပြောသည်။

 

 “လိုအပ်တဲ့ သစ်အမျိုးအစား ၊ ပုံသဏ္ဍာန် နဲ့ အရွယ်အစားကို အော်ဒါ မှာယူတဲ့အခါ လုပ်ငန်းရှင်က သစ်၊ သစ်မြစ်ဆုံတွေကို ရှာပေးပြီး ကျနော်တို့က ပုံဖော်ထုဆစ်ပေးရပါတယ်၊ ရလာတဲ့ အရုပ်(ကုန်ကြမ်း) တွေကို ပရိဘောဂရုံကို ပို့ရပါတယ်၊ အဲ့ဒီက အရောင်တင်ပြီးမှ  လုပ်ငန်းရှင်က ထိုက်သင့်တဲ့ ဈေးနဲ့ ပြန်ရောင်းတာပါ၊ ဈေးကောင်းရရင် ကျွန်တော်တို့လည်း အဆင်ပြေမှာပါ ၊ကျနော်တို့ဘက်မှာရော၊ လုပ်ငန်းရှင်တွေဘက်မှာပါ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေပါတယ်”ဟု ဆယ်နူစ်သားဘဝ ငယ်ရွယ်စဉ်ကပင် ပန်းပုပညာကို နှစ်ပေါင်း သုံးဆယ်ခန့် လုပ်ကိုင်လာသူ ကိုရိုန်းလူ က ဆိုသည်။

 

မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာ လက်မူပညာဖြစ်သော ပန်းပုလုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်လာစေ ရန်နှင့် မြန်မာ့ရိုးရာ ပန်းပုပညာရှင်များ၏ မိသားစုဘဝ၊ စားဝတ်နေရေး တိုးတက် ကောင်းမွန်လာစေရန် အတွက် ဈေးကွက်မြင့်မားစွာ ရရှိလာအောင် စီးပွားရေးလုပ်ငန်းရှင်များကလည်း ကြိုးစားဆောင်ရွက် ရန်နှင့်  ယခု ကိုဗစ်-19 ရောဂါကာလတွင် မျိုးဆက်သစ် လူငယ်ပန်းပုပညာရှင်များ အရေအတွက် တိုးပွားလာအောင် သက်ဆိုင်ရာမှ အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ ထောက်ပံ့ကူညီပေးမူများ လိုအပ်လျှက် ရှိကြောင်း သိရသည်။

 

ခွန်(ဝင်းပ)။