မိမိနိုင်ငံကို ညီညီညွတ်ညွတ် လက်တွဲဝန်းရံ

နေပြည်တော် ၂၇ အောက်တိုဘာ

 

“ယနေ့ကမ္ဘာကြီး၌ အမျိုးသားရေးစိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲမုန်းတီးရေးဝါဒနှင့်စီးပွားရေးမမျှတမှုတို့ မြင့်တက်လာခြင်းများကို ဝမ်းနည်းဖွယ်ရာ မျက်မြင်ကြုံတွေ့ရလျက်ရှိပါသည်။ ယင်းကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင်များအားလုံး သို့မဟုတ် လူ့အဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် မတူညီသော ရှုထောင့်များမှအမြင်များကို ထည့်သွင်းစဉ်းစားသွားရန် လွန်စွာအရေးကြီးပါသည်။မတူကွဲပြားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကို မြှင့်တင်ရန် အမှန်တကယ် လိုလားသူများ၏ အဓိကရည်မှန်းချက်ဖြစ်သင့်ပါသည်”ဟု (၇၃)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

 

စစ်အေးလွန်ကာလတွင် နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်ခြယ်လှယ်ခြင်းမျိုး မရှိတော့ဘဲ ပူးပေါင်းဆောင်ရွက်ခြင်း၊ မိတ်ဖက်ဆောင်ရွက်ခြင်း သဘောမျိုးဖြင့် ပါဝင်ဆောင်ရွက်နေကြသည်။ နိုင်ငံများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်နိုင်သော အဖွဲ့အစည်းမှာ အခြေခံမူများ၊ ပဋိညာဉ်များ၊ စံနှုန်းများဖြင့် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဖြစ်သည်။ သို့ရာတွင် မျက်မှောက်ကာလ၌ ကုလသမဂ္ဂ၏ အဖွဲ့အစည်းတချို့၏ ဆောင်ရွက်ချက်များမှာ ကုလသမဂ္ဂအဖွဲ့ကြီး စတင်ထူထောင်စဉ်က ရည်မှန်းချက်များနှင့် သွေဖည်နေပြီဟု ဆိုရမည်ဖြစ်သည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ကုလသမဂ္ဂအနေဖြင့် ၎င်း၏ဖွဲ့စည်းပုံနှင့် လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများကို ယနေ့ကမ္ဘာကြီး၏ ပြောင်းလဲလာသောအမှန်တရားများနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲနိုင်မည်ဆိုပါက ပိုမိုထိရောက်လိမ့်မည်ဖြစ်ပါသည်ဟု အပြုသဘောဆောင် အကြံပြုထားသည်ကို တွေ့ရသည်။ ကုလသမဂ္ဂ၏အဖွဲ့အစည်းတချို့အနေဖြင့်မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးကို အကြောင်းပြု၍ တစ်ဖက်သတ်ရှုမြင်ဆောင်ရွက်နေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

 

အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံ၏ပကတိအခြေအနေမှန်နှင့် လူ့အဖွဲ့အစည်းများအားလုံးကို မျှတစွာရှုမြင်ဆင်ခြင်ခြင်းမပြုဘဲ တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲပြောဆို၊ ဖိအားပေးမှုများအကြိမ်ကြိမ် အထပ်ထပ် ပြုလုပ်နေသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် ရခိုင်ပြည်နယ်တွင် ပြဿနာဖြစ်ပွားအောင် ဖန်တီးခဲ့သည့် အာဆာအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောဆို ဖိအားပေးမှုများကို အကြိမ်ကြိမ် အခါခါ ပြုလုပ်နေသည်မှာတရားမျှတမှုကင်းမဲ့ပြီး လွဲမှားသောလုပ်ရပ်များဟု ဆိုချင်ပါသည်။

 

အောက်တိုဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော အစည်းအဝေးတွင် ကုလသမဂ္ဂ ပဋိညာဉ်၏ ရည်ရွယ်ချက်နှင့်အခြေခံမူများ၊ လုံခြုံရေးကောင်စီ၏ စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများနှင့် လူသားအသိတရား၏ ကြောင်းကျိုးဆီလျော်မှုနှင့် မျှတမှုတို့ကို ပေါ်ပေါ်တင်တင် ဖီဆန်နေကြသည်ကိုတွေ့ရသည်မှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြောင်း။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ကကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု လျော့ပါးလာသည်ကိုတွေ့ရကြောင်း၊လုံခြုံရေးကောင်စီ၏ အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို အလွဲသုံးစားပြုသည့် ဤမတရားသောလုပ်ဆောင်မှုကို ကောင်စီ၏ အခြားအဖွဲ့ဝင်များနည်းတူ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်ကြောင်းပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ခွင့်လွှတ်သည်းခံရေးတို့အတွက် မွန်မြတ်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သောကုလသမဂ္ဂအဖွဲ့အစည်းကြီးအတွင်းတွင် တရားမျှတမှုမရှိသည့် အနိုင်ကျင့်ဗိုလ်ကျမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသည်ကိုမြန်မာနိုင်ငံအနေဖြင့် ရဲရဲဝံ့ဝံ့ တုံ့ပြန်ချေပနေသည်ဖြစ်ရာ ပြည်သူပြည်သားများအားလုံးကလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့်လက်တွဲဝန်းရံကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ