မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းနှင့် မိခင်နို့ရည်၏ အာဟာရ

နေပြည်တော် ၂၉ မတ်

မိခင်နို့သည် ကလေးငယ် ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အာဟာရ ဖြစ်ပါသည်။ မွေးဖွားပြီး ပထမ(၆)လအတွင်း ကလေးငယ် လိုအပ်သော တစ်ခုတည်းသော အာဟာရ ဖြစ်ပါသည်။ ကလေးငယ်အတွက် အစာကြေလွယ်ပြီး ကလေးငယ်ကို အာဟာရဓာတ်များ လျင်မြန်စွာ ပေးနိုင်ပါသည်။

အာဟာရကြွယ်ဝပြီး ရောဂါကာကွယ်ပေးသည့် ဓာတ်များပါဝင်သော နို့ဦးရည်ကို တိုက်ဖြစ်အောင် တိုက်ပါ။ 

မွေးဖွားပြီး (၁)နာရီအတွင်း စောနိုင်သမျှ စောစောတိုက်ပါ။

ကလေးငယ်ကို မွေးဖွားပြီး အသက်(၆)လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ပါ။

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဆိုသည်မှာ မိခင်နို့မှလွဲ၍ ရေ၊ အခြားအရည်များ (သို့) အစားအစာများကို ပထမ(၆)လအတွင်း မကျွေးခြင်းကို ဆိုလိုပါသည်။

မိခင်နို့တွင် ရေဓာတ်အများအပြား ပါဝင်ပါသည်။ ကလေးငယ် နို့ဆာသည့်အခါတိုင်း တိုက်ပါ။ နို့စို့လိုသည့်အခါတိုင်း နို့စို့ခွင့်ရရှိပါက ပူပြင်းခြောက်သွေ့သော ရာသီဥတုများမှာပင် ရေထပ်မံ တိုက်ကျွေးရန် မလိုပါ။

မိခင်နို့ကို ခဏခဏတိုက်ပါ။ အချိန်ကြာကြာ တိုက်ပါ။ ကလေးဆာတိုင်း တိုက်ပါ။

မိခင်နို့တွင် အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အလုံအလောက် ပါဝင်သည်။ အစာကြေလွယ်သည်။

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ


နို့ဦးရည်နှင့် မိခင်နို့သည် ကလေးငယ် ရောဂါမဖြစ်ပွားစေရန်အတွက် မိခင်မှ ကလေးကို ပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေး ဖြစ်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်း ကလေးငယ်တွင် ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ဝင်ရောက်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမည့်အန္တရာယ်ကို လျှော့ချနိ်ုင်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေးငယ်တို့ကြား သံယောဇဉ် တွယ်တာမှု ပိုမိုခိ်ုင်မာစေပါသည်။

မိခင်များအတွက် အကျိုးကျေးဇူးများ

နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည်။

မိခင်တွင် မမျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။

ကလေးကို မိခင်နို့ ခဏခဏတိုက်ပါ။

မိမိ၏ရင်သွေးကို နို့ဝအောင် တိုက်နိုင်သည်ဟု ယုံကြည်စိတ်မွေးပါ။ နို့ထွက်များပါမည်။

အချိန်ကြာကြာတိုက်ပါ။

အသက်(၆)လ မတိုင်မီ နေ့ရောညပါ မိခင်နို့ တစ်မျိုးတည်း တိုက်ပါ။

မိခင်သည် အာဟာရပြည့်ဝစွာ စားသုံးပါက အမြွာပူးကလေးအတွက်လည်း မိခင်နို့ လုံလောက်စွာ တိုက်ကျွေးနိုင်ပါသည်။

(၆)လပြည့်ပြီးနောက် အာဟာရကြွယ်ဝသော ဖြည့်စွက်အစာများကို စတင်ကျွေးရင်း မိခင်နို့ကို ကလေးငယ်(၂)နှစ်ကျော်သည်အထိ ဆက်လက်၍ တိုက်ကျွေးပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN