မီးငြှိမ်းသတ်ရန်အသွား မီးသတ်ကားနှစ်စီး တိုက်မိမှုဖြစ်

မန္တလေး ၇ ဖေဖော်ဝါရီ 

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း နှင့် ၆၂ လမ်းထောင့်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က မီးငြှိမ်းသတ်ရန်အသွား မီးသတ်ကားနှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့သည် ။

 

ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ သဇင်လမ်းနှင့် ကံ့ကော်လမ်းကြား ပိတောက်လမ်းသွယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ယင်းမီးလောင်မှုအား မီးငြှိမ်းသတ်ရန်သွားသည့် ယာဉ်များဖြစ်သည်။

 

" ကားပေါ်ပါတဲ့လူတွေကတော့ ဘာမှမဖြစ်ပါဘူး။ ကားပဲ ပျက်စီးသွားတယ်။ မီးသတ်ကားတစ်စီးက မနော်ဟရီကလာတယ်  တစ်စီးက ၆၂ လမ်းကလာတယ်။ နှစ်စီးဆုံပြီး လမ်းဆုံမှာတိုက်မိတာပေါ့ " ဟု မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူး ဦးထက်အောင် က ပြောသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဦးခင်မောင်တင့် (၃၄) နှစ်၏ ပေ ၂၀ × ပေ ၄၀ သွပ်မိုးထရံကာ နေအိမ်တွင် မီးဖြတ်စက်အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ က သိရသည်။

 

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဦးခင်မောင်တင့်အား ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

သူရိန်လင်း