မီးနဲ့ ကစားနေခြင်းလား

ကလျာမိုးမြင့်

အမေရိကန်က စွန့်လွှတ်လိုက်တဲ့ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်အရ ကန့်သတ်ထားတဲ့ ယူရေနီယံပမာဏကို ကျော်လွန်ပြီး ထုတ်လုပ်နေကြောင်း အီရန်က ပြောကြားလိုက်တဲ့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ခုလိုလုပ်နေတာဟာ မီးနဲ့ကစားနေတာဖြစ်တယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။

ဖိအားပေးမှုအကျိုးဆက်လား

ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံက ဥရောပနိုင်ငံတွေကို အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ကြဖို့ တိုက်တွန်းနေချိန် ရုရှားနိုင်ငံကတော့ စိတ်မကောင်းဖြစ်တဲ့ လေသံမျိုးထွက်လာခဲ့ပြီး ဒီလိုဖြစ်လာတာဟာ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ကို ပြိုလဲသွားစေတဲ့ အမေရိကန်ရဲ့ဖိအားပေးမှု အကျိုးဆက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ သမိုင်းဝင်သဘောတူ စာချုပ်ကနေ သွေဖည်တဲ့ နောက်ထပ်ဘယ်လို ခြေလှမ်းမျိုးမှ ထပ်မလှမ်းဖို့ ဗြိတိန်ကတော့ တီဟီရန်ကို တိုက်တိုက်တွန်းတွန်း ပြောဆိုနေသလို ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အီရန်အနေနဲ့ သဘောတူစာချုပ်အောက်မှာ ပေးခဲ့တဲ့ကတိ ကဝတ်တွေကို မဖြစ်မနေ လိုက်နာစောင့်ထိန်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ဆုတ်သွားနိုင်

မေလအတွင်းက ကြေညာခဲ့တဲ့ အစီအစဉ်အပေါ်မှာ အခြေပြုပြီးတော့ အီရန်ဟာ ကန့်သတ်ထားတဲ့ ၃၀ဝ ကီလိုဂရမ် ပမာဏကို ကျော်လွန်ခဲ့ပြီဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ISNA သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကန့်သတ်ပမာဏ ကျော်လွန်တဲ့ ယူရေနီယံထုတ်လုပ်မှုကို နောက်ဆုတ်ရင်လည်း ဆုတ်သွားနိုင်တယ်လို့ ၎င်းက ဖြေကြားထားပါတယ်။

အီရန်ဟာ ၎င်းတို့ဘာလုပ်နေတယ်ဆိုတာကို ၎င်းတို့အသိဆုံးဖြစ်မှာပဲ။ ကျွန်ုပ်အထင်တော့ ဒါဟာအန္တရာယ်ကို လက်ယပ်ခေါ်နေတာ၊ ပြောရရင် မီးနဲ့ကစားနေတာလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေက အီရန်အရေးနဲ့ပတ်သက်လို့ မေးလာကြတဲ့အပေါ် သမ္မတထရမ့်က ဖြေကြားလိုက်ပါတယ်။

အီရန်ကြေညာ

အမေရိကန်ပြည်ထောင်စုဟာ နျူကလီးယား သဘောတူစာချုပ်ကနေ မနှစ်ကပဲ နုတ်ထွက်လိုက်တာဖြစ်ပြီး အဲဒီလိုနုတ်ထွက်လိုက်ချိန်ကစလို့ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခြင်းအားဖြင့် အီရန်ရဲ့ အသက်သွေးကြောပမာဖြစ်တဲ့ ရေနံတင်ပို့မှုနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို အထိနာစေခဲ့ရုံသာမက တခြားကဏ္ဍတွေကိုပါ နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာစေခဲ့ပါတယ်။ အဲဒီအခါမှာ အီရန်ဟာ နျူကလီးယားသဘောတူစာချုပ်ကို အဖတ်ဆယ်နိုင်ဖို့ ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပြီး မေ ၈ ရက်နေ့မှာတော့ ၎င်းအနေနဲ့ ယူရေနီယံ ထုတ်လုပ်မှုကို ကန့်သတ်ထားတဲ့စည်းကမ်းကို လေးစားလိုက်နာတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။

ကတိကဝတ်တွေကို စွန့်လွှတ်မည်

ကျန်တဲ့မိတ်ဖက်တွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့ မကူညီဘူးဆိုရင်၊ အထူးသဖြင့် အီရန်ရဲ့ ရေနံရောင်းချဖို့ကို မကူညီဘူးဆိုရင် နောက်ထပ် နျူကလီးယားဆိုင်ရာ ကတိကဝတ်တွေကို စွန့်လွှတ်သွားတော့မယ်လို့ အီရန်က ခြိမ်းခြောက်နေပါတယ်။ အိမ်ဖြူတော်က ယခင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေဟာ အီရန်ကို နျူကလီးယားလက်နက်တွေ တိုးတက်ထုတ်လုပ်ခွင့်ဘယ်တော့မှ ပေးမှာမဟုတ်သလို ဖိအားတွေလည်း အကြီးအကျယ်ဆက်လက် ပေးသွားဖို့ ဇောင်းပေးနေတယ်ဆိုတာပါပဲ။

အမှားတစ်ခု

နျူကလီးယား သဘောတူစာချုပ်အောက်မှာ အီရန်ကို ဘယ်လောက်ပမာဏ ကန့်သတ်ထားသည်ဖြစ်စေ၊ ယူရေနီယံထုတ်လုပ်ခွင့် ပေးခဲ့တာကိုက အမှားတစ်ခုပဲလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး စတက်ဖနီဂရီရှမ် က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် ကတော့ အီရန်ဟာ ဘာတစ်ခုမှ အမှားမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ JCPOA ကို ကျွန်ုပ်တို့ မဖောက်ဖျက်ခဲ့ဘူးလို့ ၎င်းက တွစ်တာပေါ်မှာ တုံ့ပြန်ထားပါတယ်။

တလွဲအသုံးချနေ

ပြီးတော့ ဥရောပသုံးနိုင်ငံကသာ သူတို့ဘက်က တာဝန်သိစိတ်အတိုင်း လိုက်နာမယ်ဆိုရင် အီရန်ကဆုံးဖြတ်ချက်ကို ချက်ချင်းနောက်ပြန်ဆုတ်မှာလို့ ပြောကြားခဲ့ပါတယ်။ ၎င်းပြောချင်တဲ့ ဥရောပ သုံးနိုင်ငံဆိုတာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေကို ဆိုလိုတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အီရန်ဟာ နိုင်ငံတကာအဖွဲ့အစည်းကို ခြိမ်းခြောက်ငွေညှစ်ဖို့နဲ့ ဒေသတွင်းလုံခြုံရေးကို ထိပါးဖို့ ၎င်းရဲ့ နျူကလီးယားအစီအစဉ်ကို တလွဲအသုံးချနေတာလို့ စွပ်စွဲလိုက်ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) က အီရန်ဟာ စာချုပ်အရ ကန့်သတ်ထား တဲ့ ယူရေနီယံထုတ်လုပ်မှုပမာဏကို ကျော်လွန် ထုတ်လုပ်ခဲ့ကြောင်း အတည်ပြုပါတယ်။ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်အဖွဲ့ အခြေစိုက်ရာဖြစ်တဲ့ ဗီယင်နာရှိ သံအမတ်ကြီးတစ်ဦးက အီရန်ရဲ့ ယူရေနီယံထုတ်လုပ်မှုဟာ ၃၀ဝ ကီလို ဂရမ် (၆၆၁ ပေါင်) ပမာဏကို နှစ်ကီလိုဂရမ် ကျော်လွန်ခဲ့တယ်လို့ အေအက်ဖ်ပီသတင်းသို့ ပြောကြား ခဲ့ပါတယ်။

ဗြိတိန်စိုးရိမ်

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ဘ်ကော့ဗ်က အီရန်ရဲ့ လုပ်ရပ်ဟာ စိတ်မကောင်းဖြစ်စေတဲ့ အခြေအနေတစ်ခုဖြစ်ရုံသာမက အမေရိကန်ဆီက မတရားဖိအားပေးမှုတွေရဲ့ အကျိုးဆက်တစ်ခုလည်း ဟုတ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်က ဒီလိုကိစ္စတွေ ဖြစ်လာတာနဲ့ပတ်သက်ပြီး ဗြိတိန်အနေနဲ့ အလွန်စိုးရိမ်ပူပန်မိပါကြောင်းနဲ့ နျူကလီးယား သဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အီရန်ကို တိုက်တွန်းကြောင်း တွစ်တာပေါ်မှာရေးသားခဲ့ပါတယ်။

ပိတ်ဆို့အရေးယူဖို့တွန်းအားပေး

အီရန်နျူကလီးယားအရေး စိုးရိမ်ပူပန်နေကြတဲ့အထဲ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်လည်း ပါဝင်နေပြီး အီရန်က သဘောတူစာချုပ်နဲ့အညီ နေသွားဖို့ဟာ အင်မတန်အရေးကြီးတယ်လို့ ၎င်းကဆိုပါတယ်။ ဒီလိုအချိန်မျိုးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကတော့ ၎င်းနိုင်ငံရဲ့ မဟာရန်သူဖြစ်တဲ့ အီရန်အပေါ် ဥရောပနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ပြီး အရေးယူကြဖို့ တောက်လျှောက်တွန်းအားပေးနေပါတယ်။

လာမယ့် ဇူလိုင် ၇ ရက်ကစပြီး ယခင်သဘောတူထားတဲ့ အမြင့်ဆုံး ယူရေနီယံ သန့်စင်ထုတ်လုပ်မှု ပမာဏဖြစ်တဲ့ ၃ ဒသမ ၆၇ ရာခိုင်နှုန်းကို ကျော်လွန် တဲ့ ယူရေနီယံ ထုတ်လုပ်မှုကို စတင်တော့မယ်လို့ အီရန်က ခြိမ်းခြောက်ထားပြီဖြစ်ပါတယ်။ ပင်လယ် ကွေ့ဒေသအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုအင်အားများလာမှုနဲ့ တိုက်ဆိုင်စွာ အီရန်လေ ပိုင်နက်ထဲ ကျူးကျော်တယ်ဆိုတဲ့အကြောင်းနဲ့ အမေရိကန်ဒရုန်းယာဉ်ကို အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ပစ်ချခဲ့တဲ့ကိစ္စကလည်း ထပ်ဖြစ်လာပြီး တင်းမာမှုတွေဟာ လျော့မသွားတဲ့အပြင် တိုးသည်ထက်တိုးလာနေပြီး အီရန် နျူကလီးယားအရေးဟာ တစ်ကမ္ဘာလုံးက စိုးရိမ်ရတဲ့ခြိမ်းခြောက်မှုအသွင် ဖြစ်လာလျက်ရှိပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ