မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး ရေးစက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရသေ့တောင်  ၁၁  မေ  

 

အပူရှိန်ပြင်းသောရာသီကာလတွင် အများပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို မီးလောင်မှု အန္တရာယ် မကျရောက်စေရန်  ရည်ရွယ်၍ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအား မလိုလားအပ်သော မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့က နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရသေ့တောင်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ အရေးပေါ် မီးငြှိမ်းသတ် ဆေးရည်ဘူးများရှိ/မရှိ၊  ဆီသိုလှောင်ကန်များ စနစ်တကျ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆီဆိုင်များအတွက် လောင်စာဆီ သယ်ယူသည့် ဆီဘောင်ဆာယာဉ်များအား ယာဉ်မတော်တဆမှုကြောင့် မီးလောင်မှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ဖြစ်ပွားနိုင်မှုအခြေအနေများကို လက်တွေ့ ရှင်းလင်းချပြခြင်း၊ အရေးပေါ်မီးငြိမ်းသတ်ဆေးရည်ဘူးများ အသင့်ထားရှိမှုများကို ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် စက်သုံးဆီဆိုင်များတွင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ဆီသယ်ယာဉ်များ မတော်တဆ မီးလောင်မှုဖြစ်ပွားခြင်းများ ပိုမိုများပြားလာပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဖြစ်စဉ် ၅၀ ကျော်ရှိပြီး မိမိတို့ဒေသတွင်း စက်သုံးဆီဆိုင်များနှင့် လောင်စာဆီ သယ်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့်   ဆောင်ရွက်လျက်ရှိကြောင်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ချမ်းသာက ပြောကြားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN