မိဘ၊ ဆရာ ကျောင်းသားလူငယ်များ လောကကို အလှဆင်ရာဝယ်…

မိဘ၊ ဆရာ ကျောင်းသားလူငယ်များ လောကကို အလှဆင်ရာဝယ်…

 

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

 

လူတို့နေတဲ့ ကမ္ဘာဟာ ကျွန်းစုတွေလို လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊ အယူဝါဒ၊ ဂုဏ်ပကာသန၊ ကျား/မ ဆိုပြီး ခွဲခြားထားတဲ့သဘောရှိတယ်။ မိမိကိုဗဟိုပြုခြင်းကို ကြည်နူးတတ်ကြပါတယ်။ ဘဝချင်းမညီ၊ အလွှာချင်း၊ ဝါဒချင်းမတူ စတဲ့အကြောင်းတရားတွေကြောင့် တစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့အစည်းအသင်းအပင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံမှု ပုံသဏ္ဌာန်တွေဟာ ခြားနား၊ တစ်ဦးနဲ့တစ်ဦး အထင်အမြင်သေး၊ မထီမဲ့မြင်၊ မတူမတန်၊ မလေးမစား၊ အဆင့်အတန်း ခွဲခြားမှုတွေ ဂိုဏ်းဂဏကွဲပြားခွဲခြားတဲ့သဘောကို တွေ့ရတတ်ပါတယ်။

 

ပုပ္ဗာစရိယ မိနှင့်ဖ

 

“အာရှတိုက်သားများဟာ ပညာရေးလိုက်စားသူ၊ အလုပ်ကြိုးစားသူတွေ၊ မိရိုးဖလာအိမ်ထောင်စုတွေအဖြစ် တည်တံ့ခဲ့ပါတယ်။ သို့သော်လည်း အရှေ့အာရှနိုင်ငံတွေမှာ အိမ်ထောင်ကွဲခြင်း၊ လင်မယားကွဲခြင်း၊ ရာဇဝတ်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း၊ ဆယ်ကျော်သက်တွေ ကိုယ်ဝန်ဆောင် ဘဝရောက်လာခြင်းနဲ့ မိမစုံ၊ ဖမစုံ မိသားစုတွေ ပေါ်ပေါက်လာခဲ့ပါတယ်” လို့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က နိုင်ငံသားများကို အသိပေးပြောကြားခဲ့ပါတယ်။

 

ဘာကြောင့်ပြောရသလဲဆိုတော့ ခေတ်သစ် ကမ္ဘာကြီးက သယ်ဆောင်လာတဲ့ ပြောင်းလဲမှုအဟုန် ကြောင့် အာရှရဲ့ပင်ကိုတန်ဖိုးနဲ့ ယဉ်ကျေးတဲ့ စရိုက်လက္ခဏာတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာလို့ပဲဖြစ်ပါတယ်။ မြန်မာကတော့ ကလေးသူငယ်တွေ ပျိုးထောင်ရာမှာ လောကနီတိ၊ ပြည်သူ့နီတိတို့နဲ့ အစပျိုးခဲ့တာ ယနေ့အထိ ဖြစ်ပါ တယ်။

 

 “ကျွန်တော်/ကျွန်မတို့ မိသားစုဆိုတဲ့အိမ်က သွန်သင်ဆုံးမနိုင်တဲ့အရည်အသွေးနဲ့ အဆုံးအဖြတ် ဟာ တူညီတဲ့အကျိုး၊ အသီးအပွင့်ရပါလိမ့်မယ်။ “သင်စိုက်ပျိုးတဲ့အပင်၊ သင်ရိတ်သိမ်းမှာ” ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက် ရမ်းကားသူတို့သည်လည်းကောင်း၊ လူကောင်းလူတော်သူတော်စင် တို့သည်လည်းကောင်း အိမ်လို့ခေါ်တဲ့ မိဘရဲ့စောင့် ရှောက်သွန်သင်မှုအပေါ်မှာ မြစ်ဖျားခံတာချည်းဖြစ် ပါတယ်။ မိဘအနေနဲ့ သားစဉ်မြေးဆက်တို့အား စံနမူနာတွေကို လက်ဆင့်ကမ်းပေးကြရာမှာ လက်နက်စွဲကိုင်တဲ့မျိုးစေ့ကို စိုက်မှာလား၊ ငြိမ်းချမ်းရေးမျိုးစေ့စိုက်မှာလား ဒီနှစ်မျိုးပဲရှိပါတယ်။ ကိုယ်နေတဲ့နိုင်ငံအတွက် ငြိမ်းချမ်းသာယာတဲ့ မျိုးစေ့ချပေးရင် ကောင်းမွန်တဲ့ဘဝ၊ သာယာတဲ့ဘဝ ကို ထူးထူးခြားခြား တည်ဆောက်ပေးခြင်းပဲ၊ “စည်းကမ်းမဲ့တဲ့ လူ့အဖွဲ့အစည်းဟာ ရပ်တည် ရှင်သန်နိုင်စရာ အကြောင်းမရှိကြောင်း” Mrs. Reiko Uchida ရေးသော “Call the Heart: Act of Peace and Equality” စာအုပ်မှာ ရေးသားထား တာ ဖတ်ရှုရပါတယ်။ “ပုပ္ဗာစရိယ မိနှင့်ဖ” အမိအဖဟာ လက်ဦးဆရာတွေ၊ ဆရာကောင်းတွေက ကောင်း၍ မှန်ကန်တဲ့လမ်း၊ အကောင်းနဲ့အဆိုး ခွဲခြားတတ်အောင် ကျောင်းမှာ သွန်သင်ပေးကြ ရလိမ့်မယ်။

 

 ၁၉၉၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ချီကာဂိုမြို့မှာ သမ္မတကလင်တန်က အမေရိကန် လူထုကလေးတွေနဲ့ပတ်သက်ပြီး “ဘယ်သူ့ကို အပြစ်တင်မှာလဲ၊ ဘာဆက်လုပ်မလဲဆိုတာ မေးပါရစေ။ အစဉ်အလာကောင်းတွေကို အနာဂတ်သို့ သယ်ဆောင်ဖို့ပဲ။ လေးလေးစားစားပြောပါရစေ။ ကျွန်တော်တို့ဟာ အတိတ်ကို တံတားမထိုးတော့ပါဘူး။ အနာဂတ်သို့ သွားနိုင်တဲ့တံတားပဲ တည်ဆောက်ဖို့လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

 

လူငယ်တွေစာတတ်မှ၊ ပညာတတ်မှ၊ အရည် အချင်းပြည့်ဝနေမှ သူတို့ရဲ့အနာဂတ်ဟာ ရှင်သန် ရပ်တည်နိုင်မယ်။ လူတော်ရမယ်ဆိုတဲ့သဘော လောက်နဲ့တင် မလုံလောက်သေးဘူး။ စိတ်ကောင်း စေတနာကောင်း၊ ထူးချွန်ထက်မြက်တဲ့ ပင်ကို အရည်အသွေး၊ နိုင်ငံကြီးသားစိတ်ဓာတ်ရှိပြီဆိုရင် တော့ လူကောင်းဖြစ်လာပါပြီ။ သူတို့ရဲ့အနာဂတ် ကို ကောင်းစွာတည်ဆောက်နိုင်ပါလိမ့်မယ်။ ဘဝ ဟာ အလွန်တန်ဖိုးရှိတဲ့ လက်ဆောင်ကြီးတစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်အထိ ဆယ်ကျော်သက်တွေဟာ လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တွေပဲ။ ဒီဒေါက်တိုင်တွေ မခိုင်ခံ့ရင် လူ့အဖွဲ့အစည်းဟာ ပြိုလဲပျက်စီး ခြစားခံရမှာ သေချာပါတယ်။

 

 တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားဖို့ မေ့နေကြ

 

ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံး အပြင်ကိုပဲကြည့်လေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဆန်းစစ်မှု လုပ်ဖို့ဆိုတာ နည်းပါတယ်။ မိသားစုအတွင်း ကောင်းမွန်တဲ့ အလေ့အထစံနမူနာတွေကို အချင်းချင်းသိအောင် ပြကြရမယ်။ ချိုသာတဲ့ကိုယ် နှုတ်အမူအရာ အပြုအမူတွေကိုလည်း သွန်သင်ပြသရမယ်။ မိဘတွေဟာ သားသမီးတွေကို မြေတောင် မြှောက်ပေး ကူညီနိုင်တဲ့တံတားဖြစ်ဖို့၊ ပညာသင်နိုင်တဲ့ လမ်းတွေဖောက်၊ လမ်းတွေ၊ ကျောင်းတွေမှာ အန္တရာယ်ကင်းဖို့၊ မူးယစ်ဆေးနဲ့ကင်းဖို့၊ ဆင်းရဲတွင်းက အမြစ်ဖြတ်ဖို့၊ အနာဂတ်မျိုးဆက်တို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သားသမီးမြေးမြစ်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ စဉ်းစားပုံတွေဟာ မှန်ကန်ပြီး မြင့်မားလာလိမ့်မယ်။ လူမှုအသိုင်းအဝိုင်းအတွင်း သူတို့တွေရဲ့အခန်းကဏ္ဍ ဟာလည်း ပို၍ပီပြင်လာလိမ့်မယ်။

 

 မိဘမျက်စိအောက်က လွန်တဲ့နေ့တွေမှာကျောင်းတွေက ဆရာဆရာမတွေကလည်း ဒီသဘောတွေဆောင်တဲ့ အလေ့အထတွေကို သင်ပြရပါမယ်။ ဆရာကောင်းတို့လိုလားတာက တပည့်တွေရဲ့ ဘက်စုံစွမ်းဆောင်ရည် မြင့်မားဖို့ပဲ။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ စာအုပ်ကို လက်ညှိုးထိုးပြီး အဲဒီစာအုပ်ကို ကိုယ်တိုင်ဖတ်တတ်ပြီလို့ ပြောသံ ကြားလိုခြင်းပါပဲ။ ကလေးတွေဟာ နည်းပညာတွေ ရရေး၊ အားထုတ်သင်နေသလိုပဲ၊ ကိုယ်ကျင့်တရား ကောင်းဖို့၊ ယဉ်ကျေးသိမ်မွေ့လိမ္မာဖို့၊ သိက္ခာရှိဖို့ မေ့နေတတ်ပါတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင် လေးစားဖို့ မေ့နေလေ့ရှိကြပါတယ်။ ပစ္စည်းတွေ၊ ကားတွေ၊ တိုက်တာတွေနဲ့ ရွှေငွေတွေက ယနေ့ ခေတ်မှာ အချစ်ခံနေရတယ်။

 

စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနဲ့ ချစ်ခြင်း မေတ္တာတွေဝေဖြာပြီး ကျန်းမာချမ်းသာဖို့၊ အမုန်း တရားတွေကင်းစင်ဖို့၊ အခြားသူတို့ ပျော်ရွှင်ငြိမ်းချမ်း ဖို့ဆန္ဒ၊ အကျိုးဖြစ်ထွန်းလိုတဲ့စိတ်၊ ဒုက္ခအပေါင်းက ကင်းဝေးစေလိုတဲ့စိတ်တွေ ပေါ်ဖို့ဖြစ်ပါတယ်။ ရောဘတ်ကိုးလ် (Robert Coles)ဆိုသူဟာ ကလေး တွေမှာ ကြင်နာမှုဖွံ့ဖြိုးလာပုံကို စူးစမ်းလေ့လာ ခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ မိဘတွေရဲ့မေးခွန်းတွေနဲ့စခဲ့ပါတယ်။ ကလေးတွေဟာ-

 

တစ်ညလုံး အိပ်ကြရဲ့လား။

စာဖတ်တတ်ဖို့ သင်ယူကြရဲ့လား။

အမှတ်ကောင်း၊ ဂရိတ်ကောင်းကောင်း ရကြ ရဲ့လား။

အသင်းလိုက်အစုလိုက် ခရီးထွက်ကြရဲ့လား။

မူးယစ်ဆေးဝါးတွေကို ရှောင်နိုင်ကြရဲ့လား။

ကာမဆက်ဆံမှုကို တာဝန်သိ၊ တာဝန်ရှိမှန်း သိကြရဲ့လား။

ကျောင်းကောင်းကောင်း၊ အဆင့်ရှိကျောင်းသို့ ရောက်နိုင်ကြပါမလား။

 

ဒီလိုကျယ်ဝန်းလှတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဆန္ဒတွေပါဝင်တဲ့ မေးခွန်းတွေနဲ့ ကလေးတွေကြီးပြင်း လာသည်အထိ မိဘတွေဟာ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တကြီးမေးနေကြပါတယ်။ ထို့ထက်ပိုပြီး အရေးပါတဲ့မေးခွန်းကတော့ ကလေးတွေဟာ လူကောင်းတွေ၊ လိမ္မာရေးခြားရှိကြသူတွေ ဖြစ်လာကြမလား”ဆိုတာဖြစ်ပါတယ်။ ဘာကြောင့် ဒီမေးခွန်းတွေ မေးပါသလဲ။ ပညာရည်မြင့်မားရေးသာမက ကိုယ်ချင်းစာစိတ်ရှိဖို့၊ ကောင်းမွန်တဲ့ဘဝ၊ သာယာ တဲ့ဘဝကို ယှဉ်ပြိုင်မှုများတဲ့ခေတ်မှာ ကလေးတွေနဲ့ တည်ဆောက်ချင်၊ အလှဆင်ချင်လို့ပါပဲ။

 

ငယ်စဉ်ကပင် ကစားဖို့အချိန်မရတဲ့ခေတ်

 

မြန်မာနိုင်ငံမှာတော့ ကျောင်းနေအရွယ်ကလေးတွေဟာ ငယ်စဉ်ကပင် စာတွေနဲ့ပိနေပြီး ကစားဖို့ အချိန်မရ၊ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ် နောက်ကိုပဲ လိုက်နေကြတယ်။ သုတ်သုတ်သွား၊ သုတ်သုတ်စား၊ အမြန်စားအစားအစာ (Quick-food) တွေကြောင့် ကလေးတွေဟာ အဝလွန်နေ ကြတယ်။ ဗီဒီယိုဂိမ်းနဲ့ တီဗီရှေ့မှာ တစ်နေရာတည်း ထိုင်နေကြတာကြောင့် လှုပ်လှုပ်ရှားရှားမရှိ။ မိဘနဲ့ ဆရာတွေပင် ပုံမှန်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုလိုက်စားဖို့ လိုအပ်တာ တွေ့မြင်ရပါတယ်။

 

 အကြောင်းညီညွတ် အလျဉ်းသင့်လို့တင်ပြရရင် စင်ကာပူနိုင်ငံကတော့ ထူးကိုထူးခြားပါတယ်။ အားလုံးအတွက် အားကစား (Sports For all) ကို ၁၉၉၀ ပြည့်နှစ်များ ဝန်းကျင်မှာ ဆောင်ရွက်ခဲ့ရာ ကျောင်းသားတွေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း တွေ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အလားတူ အားကစားလှုပ်ရှားမှုတွေကို တွေ့မြင်ရသော်လည်း စာတွေကုန်းကျက်တဲ့ လူငယ်လူရွယ် သေးသေးသွယ်သွယ်၊ ကနွဲ့ကလျတွေကိုတွေ့ရတော့ လောကကို အားကစားနဲ့ အလှဆင်ပေးမယ့်သူတွေ ရှားပါးလာပါတော့တယ်။

 

 ၂၀၃၀ ပြည့်နှစ်မှာ စင်ကာပူနိုင်ငံရဲ့ မျှော်မှန်း ချက်တစ်ခုက အားကစားနဲ့ အနာဂတ်မှာ အသင့်ဖြစ်ရေး (Future Ready Through Sports) ဖြစ် ကြောင်း ထူးခြားစွာတွေ့ရှိရပါတယ်။ ဝန်ကြီးချုပ် ဟောင်း ဂိုချောက်ထောင်လက်ထက်မှာ စင်ကာပူ တို့ဟာ ငွေပုံပေါ်မှာ အမြဲထိုင်မနေဘဲ တေးဂီတမှာ လည်း မွေ့လျော်တတ်ဖို့ နှိုးဆော်ပြောရာမှာ ကြေး၊ ကြိုး၊ လေ၊ လက်ခုပ်၊ တူရိယာတစ်ခုခုကို တီးမှုတ် တတ်ဖို့ တိုက်တွန်းခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ အားကစားနဲ့ တေးဂီတလှုပ်ရှားမှုကြီးဖြစ်ပါတယ်။

 

အားကစားလှုပ်ရှားမှု

 

 အားကစားတစ်မျိုးမျိုးကို ကျောင်းစာသင်ရင်း ထည့်သွင်းခြင်းဟာ သင်ကြားသင်ယူမှုဟာ ပျော်ရွှင်ဖွယ်၊ ဘဝကွက်လပ်ကို ဖြည့်ဆည်းရာရောက်တယ် လို့ဆိုပါတယ်။ အားကစားဟာ ဆရာကဲ့သို့ပါပဲ။ နုနယ်ငယ်ရွယ်သူတို့အား ကောင်းမွန်တဲ့ကိုယ်ကျင့် လက္ခဏာတွေနဲ့ စည်းကမ်းတွေကို မွေးပေးလိုက်ပါတယ်။ ယူနီဆက်ကလည်း ဒီလိုအပ်ချက်ကို မီးမောင်းထိုးပြထားပါတယ်။ အားကစားလှုပ်ရှား မှုကို ငယ်စဉ်ကပင် မိတ်ဆက်ထားဖို့၊ အားကစား ဟာ တရားမျှတဖို့၊ ကျန်းမာရွှင်လန်းစေတဲ့ ယှဉ်ပြိုင် မှုလို့ ခံယူကြရမယ်။

 

အားကစားပြိုင်ပွဲ အောင်မြင်ရေးအတွက်က အားကုန်ထုတ်လေ့ကျင့်ကြရမယ်။ ဉာဏ်ကူရမယ်၊ ဉာဏ်ထုတ်ရမယ်ဆိုတဲ့ အလေ့အထတွေရသွားစေ တယ်ဆိုတာ အားကစားလုပ်သူတို့ သိလာတယ်။ အပြုံးမပျက် ရှုံးနိမ့်ခြင်းကို လက်ခံနိုင်တဲ့ အရည် အသွေးတွေရှိလာပါတယ်။ အားကစားက ဘဝ အတွက် သင်ပေးလိုက်တာကတော့ အားကုန် ထုတ်လုပ်ဖို့ စိတ်ဆန္ဒပြင်းပြရမယ်ဆိုတာပါပဲ။ ဒီလိုကောင်းခြင်း ကြန်အင်လက္ခဏာတွေဟာ သူတို့ လေးတွေ ကြီးပြင်းလာတာနဲ့အမျှ တန်ဖိုးတွေရှိ၊ မြင့်သည်ထက်မြင့်လာပါလိမ့်မယ်။

 

စည်းမျဉ်းစည်းကမ်း အသင်းအဖွဲ့ရဲ့စိတ်ဓာတ်

 

အားကစားတစ်မျိုးရဲ့ပြိုင်ပွဲတိုင်းမှာ သတ်မှတ် တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပါလာစမြဲဖြစ်ပါတယ်။ အားကစားသမားတိုင်းဟာ မပျက်မကွက် မမေ့ မလျော့လိုက်နာရပါတယ်။ အားကစားလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာမှာ နိုးကြားတက်ကြွပြီး ထက်မြက် နေတာတွေ့ရပါတယ်။ အကြံဉာဏ်တွေကို လက်ခံ နိုင်စွမ်း၊ ကြိုဆိုတဲ့စိတ်ထားရှိလာကြတယ်။ တစ်ဦး ရဲ့အရည်အချင်းကို တစ်ဦးက တန်ဖိုးထားလေးစား လေ့ရှိကြတယ်။ နှစ်ယောက်ကစ၊ ဆယ့်တစ်ယောက် ထိ ကစားသမားတွေပါဝင်တဲ့ အားကစားပွဲတွေမှာ အသင်းအဖွဲ့ရဲ့စိတ်ဓာတ် (Team Spirit)၊ ကစားဖော် ကစားဖက်စိတ်ဓာတ်ကို တည်ထောင်ပေးနိုင်ပါ တယ်။ သိပ္ပံသဘောတရားနဲ့ လက်တွေ့သုံးခြင်း အားဖြင့် တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိမိ နားလည်မှုတွေရရှိစေပါတယ်။ အမူအကျင့်၊ အလေ့အထနဲ့ သဘောထားတွေကို မေ့နေလို့မဖြစ်၊ ဒီလိုအလေ့အထတွေကို၊ အခြေခံကျောင်းတွေက တက္ကသိုလ်ရောက်သည်အထိ ပွားများအောင်၊ တိုးတက်အောင်လုပ်ကြရမယ်။ လုပ်ငန်းခွင် လူထု ထဲရောက်သွားမယ်ဆိုရင်လည်း ဒါတွေပါသွားရမယ်။ ဒီလိုနားလည်မှုအပြည့်နဲ့ အတူတကွပူးပေါင်း ကစားခြင်းဆိုတဲ့စိတ်ထားဟာ လက်တွေ့မြေပြင် လူ့ဘဝလျှောက်လှမ်းကြတဲ့အခါ အလွန်တာသွား၊ အခရာကျတာတွေ့ရပါတယ်။ ဘယ်လိုအားကစား မျိုးမဆို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ အထပ်ထပ်အခါခါ လေ့ကျင့်ကြရပါတယ်။ ခေါင်းဆောင်ရဲ့အရည်အသွေး အရည်အချင်းတွေကို အားကစားက ဖော်ဆောင်ပေးလေ့ရှိတယ်။အားကုန် လေ့ကျင့်ကြရပါတယ်။ သည်းညည်းခံစိတ်ရှိရပါ မယ်၊ ဇွဲကောင်းရမယ်ဆိုတာ သူတို့နားလည်ကြ တော့ ဘဝခရီးမှာ အထောက်အကူပြုတော့တာပါပဲ။

 

လုပ်ငန်းခွင်ထဲရောက်တဲ့အခါ

 

လူ့လောကလုပ်ငန်းခွင်မှာ လူမျိုးစုံ၊ အတွေး အခေါ်အမြင်မျိုးစုံ၊ အထက်အောက်ဆက်ဆံမှုတွေ၊ စည်းမျဉ်းစည်းကမ်း၊ စံသတ်မှတ်ချက်တွေရှိတဲ့ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အားကစားလုပ်တဲ့ သူတွေဟာ ပို၍အံဝင်ခွင်ကျဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွေမှာ တင်းမာမှုတွေနဲ့ စိန်ခေါ်မှုတွေရှိတဲ့အခါ အခက်အခဲပြဿနာတွေ ကြုံလာတဲ့အခါမှာ စိတ်အေးလက်အေးထား၊ အလုပ် ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ထမ်းရွက်၊ ဘယ်အကွေ့မှာ ဘယ်လိုတက်နဲ့လှော်ရမယ်။ ဘယ်လိုဂီယာထိုးရ မယ်ဆိုတာ သူတို့ပိုသိကြတယ်လို့လည်း ဆိုပါတယ်။

 

ပြုံးဖို့မမေ့ပါနဲ့

 

အားကစားပီသသူတစ်ဦးဟာ ပြိုင်ပွဲတိုင်း အမြဲတမ်းနိုင်ရမယ်လို့ ခံယူထားခြင်းမရှိ။ ထိုကဲ့သို့ပဲ ပြိုင်ပွဲတိုင်း အမြဲတမ်းရှုံးမနေဘူးဆိုတာလည်း သိကြ တယ်။ ရှုံးတော့မယ့်အရေး မြင်နေတာတောင် စိတ်ဓာတ်မကျ၊ စိတ်ထားမယိုမယွင်းတဲ့ စိတ်ထား ပဲဖြစ်ပါတယ်။ အားကစားလုပ်ခြင်းမှရတဲ့ သင်ခန်းစာ တစ်ခုကတော့ အတိတ်ကအမှားမျိုး နောက်ထပ် မမှားဖို့ဆိုတာပဲ ဖြစ်ပါတယ်။ အားကစားယှဉ်ပြိုင်ပွဲ တွေဟာ ကျောင်းတွေ၊ ကျေးရွာဘုန်းကြီးကျောင်း တွေနဲ့ တက္ကသိုလ်ကောလိပ်တွေမှာ လွှမ်းရင် စိတ်ချမ်းသာစရာကောင်းပါပြီ။ ကျေနပ်လောက် တဲ့အဆင့်ကို ရောက်ပြီလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်ပြောနိုင်ရလဲဆိုရင်−


ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုင်ကျူ (IQ)မြင့်သလို တိုးတက်မှုတွေရှိခဲ့ပါတယ်။ အများအားဖြင့် ဂဏန်း ပေါင်းစက်မှာ အာရုံစိုက်နေကြပါတယ်။ လိုအပ် တာထက် လောဘတွေကြီးနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ မိသားစုတန်ဖိုးနဲ့ ပြည်သူလူထု အချင်းချင်း ကူညီရိုင်းပင်းပေါင်းသင်းကြတဲ့ တန်ဖိုး တွေ မေ့နေတတ်ကြပါတယ်။ ပြုံးဖို့မေ့နေတဲ့သူတွေ ရှိနေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရား ရှေ့ထားပြီး ဆက်ဆံဖို့မေ့နေတတ်ပါတယ်။

ဂျပန်အမျိုးသမီး မာရသွန်ရွှေတံဆိပ်ဆုရှင် တာကာဟာရှိနာအာကို (Takahas Shi Naoko) ဟာ မျက်နှာလေးပြုံးကာ “ကျွန်မပန်းတိုင်ဆုံးထိရောက်နိုင်ခြင်းမှာ များစွာသောပရိသတ်ရဲ့ အကူအညီအထောက်အပံ့ အားပေးမှုကြောင့်ဖြစ် ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ရုပ်သံသတင်း ထောက်ကို ဖြေလိုက်ပါတယ်။ ဂျပန်အားကစားသမား များဟာ ယေဘုယျအားဖြင့် တိုင်းပြည်အတွက် ယှဉ်ပြိုင်ခြင်းမဟုတ်။ များစွာတို့မျှော်လင့်သည်မှာ အားကစားပွဲတွေက ဂျပန်လူမျိုးတို့ရဲ့ သွင်ပြင်စရိုက် လက္ခဏာကို ကောင်းသည်ထက်ကောင်းအောင် ပြသရန်ဖြစ်ကြောင်းလို့ ဆိုပါတယ်။

 

မီတာတစ်ရာပြေးပွဲ ကမ္ဘာ့စံချိန်တင်သူများ

 

မီတာတစ်ရာ ကမ္ဘာ့စံချိန်တင်သူ ဂျမေကာနိုင်ငံ သား ယူစိမ်းဘို့ (Usain Bolt)ဟာ အရပ်မြင့်မြင့် သန်မာထွားကြိုင်းသူ၊ ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်အားကစားကွင်းမှာ မီတာတစ်ရာအပြေးပြိုင်ပွဲကို ၉ ဒသမ ၅၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကို တင်ခဲ့ပါတယ်။ ယနေ့အထိ သူ့စံချိန် ကို ချိုးနိုင်သူမရှိသေးပါဘူး။ ပြိုင်ဘက် ဂျမေကာ နိုင်ငံသား ယိုဟန်ဘလိတ် (Yohan Blake) နဲ့ အမေရိကန်နိုင်ငံသား တိုက်ဆမ်ဂေး(Tyson Gay) က ၉ ဒသမ ၆၉ စက္ကန့်စံချိန်မှာပဲ ရှိနေပါတယ်။ ဒီလိုတာတိုပြိုင်ပွဲမှာ အကူပြုလေတိုက် ကန့်သတ် စံနှုန်းဟာ တစ်စက္ကန့် ၂ မီတာထက် မပိုစေရပါဘူး။ အားကစားကွင်းထဲမှာ အယ်နီမိုမီတာ (Anemo- meter)နဲ့ တိုင်းတာဖြစ်ပါတယ်။ ယူစိမ်းဘို့ ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ ဘာလင်အားကစားကွင်းမှာ အကူပြု ကန့်သတ်လေတိုက်စံနှုန်းဟာ တစ်စက္ကန့် သုည ဒသမ ၉ မီတာ ရှိခဲ့တာကြောင့် သူ့စံချိန်ဟာအံ့မခန်း လောက်စရာဖြစ်ခဲ့ပါတယ်။ 

 

အမျိုးသမီးမီတာတစ်ရာပြေးပွဲမှာ ကမ္ဘာ့စံချိန် တင်ခဲ့သူ သုံးဦးရှိခဲ့ပါတယ်။ ရုရှားနိုင်ငံသူ အရီနာပရီဗာလိုဗာဟာ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဘာလင်အားကစားကွင်းမှာ မီတာတစ်ရာ အပြေးပြိုင်ပွဲကို ၁၀ ဒသမ ၇၇ စက္ကန့်နဲ့ စံချိန်တင် ကာ ကမ္ဘာ့အမြန်ဆုံးပြေးခဲ့သူ အမျိုးသမီး၊ သူ့ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့သူနှစ်ဦးဟာ ဂျမေကာနိုင်ငံသူ အီလ်လိန်းသွမ်ဆမ်-ဟီရာ (Elaine Thomson– Herah) ဟာ ဂျပန်နိုင်ငံ တိုကျို အားကစားကွင်း မှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က ၁၀ ဒသမ ၅၄ စက္ကန့်နဲ့လည်းကောင်း၊ အမေရိကန်နိုင်ငံသူ ဖလောရင့်ဂရစ်ဖက်သ်ဂျိုင်နာ (Florence Griff-eth- Joyner) ဟာ အမေရိကအင်ဒီယာနာပိုလစ် (Indianapolis) အားကစားကွင်းမှာ ၁၀ ဒသမ ၄၉ စက္ကန့်နဲ့ ပြေးခဲ့တဲ့စံချိန်ဟာ ယနေ့အထိ စံချိန် မကျိုးသေးတာ တွေ့ရပါတယ်။ 

 

အံ့ဩဖွယ်ရာကောင်းတာက မီတာတစ်ရာ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်သူ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးဟာ ဂျမေကာနိုင်ငံသားများ ဖြစ်တာကို တွေ့ရပါတယ်။ ကမ္ဘာ့စံချိန်ကို ချိုးခဲ့ကြ တဲ့ အားကစားသမားတို့ဟာ လေ့ကျင့်မှုပြင်ဆင်မှု၊ လုံ့လဝီရိယ ဘယ်လိုထားရမလဲဆိုတာ စဉ်းစားလို့ ရပါတယ်။ သံန္နိဋ္ဌာန်ချပြင်းပြကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ရည်မှန်းချက်၊ စည်းကမ်းလိုက်နာမှု၊ ကန့်သတ်တဲ့ ဆေးဝါးသုံးစွဲကင်းရှင်းမှုလိုအပ်ပုံ၊ ရှောင်ရန် ဆောင်ရန်သတိတွေ ဘယ်လောက်လိုအပ်မယ် ဆိုတာ ခန့်မှန်းလို့ရပါတယ်။ 

 

မော်စကိုတက္ကသိုလ်က ဂျာနယ်လစ်ဇင်ဘွဲ့ရ မီတာ ၁၀၀ ရုရှားအားကစားမယ် အရိနာပရီဗာလိုဗာ (Arina Privalova)ဟာ အသက် ၂၉ နှစ်အရွယ် ဥရောပရဲ့ပြိုင်ပွဲတွေမှာ အမြန်ဆုံးပြေးနိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်း အတွင်း ရှေးအကျဆုံးအားကစားကွင်းမှာ အရိနာ ပရီဗာလိုဗာကို Newsweek က မေးရာမှာ −

မေး။ နိုင်ငံတကာအဆင့်ထက် နိမ့်ကျတဲ့ ဒီအားကစားကွင်းမှာ ဆက်လက် လေ့ကျင့်မှုလုပ်နေမယ် ဆိုတာ ဘယ်လိုအကြောင်း တရားတွေကြောင့်ပါလဲ။ အလွန်အံ့ဩဖွယ်ဖြစ်နေပါတယ်။ 


ဖြေ။ ကျွန်မ ဒီအားကစားကွင်းဟောင်းကြီးမှာ  ၁၁ နှစ်ကြာကြာလေ့ကျင့်မှုတွေလုပ်ခဲ့ပါတယ်။ ကိုယ့်ပိုင်နက်၊ ကိုယ့်အိမ်လိုဖြစ်နေပါတယ်။ အနောက်နိုင်ငံတွေမှာ လူတိုင်းလိုလို အချိန်ရှိသမျှ ငွေကိုရေတွက်နေတဲ့ သဘောရှိပါတယ်။ အားကစား နဲ့ ဂျာနယ်လစ်ဇင်ပညာရပ် ဒီနှစ်မျိုးဟာ ကျွန်မဘဝ ဖြစ်ပါတယ်။


မေး။ အားကစားပြိုင်ပွဲ တာဝန်ရှိသူတို့ဟာ စိတ်ဝင်တစား အချိန်တိုင်း နာရီများကိုင်ကာ ခင်ဗျားကို စောင့်ကြည့်နေကြပါတယ်။ ဝေဖန်သုံးသပ်ဖို့အချိန်ပေးပြီး ခင်ဗျားနဲ့ ဆွေးနွေး မေးမြန်းလိုကြပါတယ်။ 


ဖြေ။ တကယ်တမ်းကျတော့ ဆေးဝါးတွေဟာအနောက်ကပဲ လာပါတယ်။ မည်သူတွေ တီထွင်ကြပါသလဲ။ ကျွန်မထင်တယ်၊ အနောက်တိုင်းဆေးဝါး ထုတ်လုပ်သူများဖြစ်ပါလိမ့် မယ်။ ရုရှားတို့ဟာ ဆင်းရဲကြတော့ ဆေးလည်းမသုံးခဲ့ ကြပါဘူး။ ထုတ်လုပ်နိုင်စွမ်းလည်း မရှိကြပါဘူးလို့ ဖြေခဲ့တာကို ဒီဇင်ဘာ ၈ ရက် ၁၉၉၈ ခုနှစ်ထုတ် Newsweek မဂ္ဂဇင်းမှာ ဖတ်ရပါတယ်။
အရိနာပရီဗာလိုဗာကတော့ အားကစားထူးချွန် အောင် ငယ်စဉ်ကျောင်းသူဘဝမှာပင် ပြင်ဆင်ခဲ့သူ၊ ဥရောပအပြေးစံချိန်တင်တဲ့အချိန်မှာ ဘွဲ့ရရှိခဲ့သူ၊ မဟာဘွဲ့တက်ဖို့ ကျောင်းအပ်ထားသူ၊ နိုင်ငံ့ ဂုဏ်ဆောင် အမိနိုင်ငံကိုချစ်မြတ်နိုးသူ၊ ဥရောပသို့ အားကစားနည်းပြအဖြစ် အဆင့်မြင့်တဲ့ မိုးလုံလေလုံ အားကစားကွင်းမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းချက် တွေဟာ မက်မောစရာဖြစ်သော်လည်း ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။

 

ပင်မအကြောင်းအရင်း

 

အားကစားလုပ်ခြင်းရဲ့ ပင်မအကြောင်းအရင်း ကတော့ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးရေးနဲ့ ကျန်းမာ သန်စွမ်း စိတ်ကျန်းမာလန်းဆန်းဖို့ဖြစ်ပါတယ်။ ကိုယ်လက်ကျန်းမာ သန်စွမ်းခြင်းဟာ စိတ်ကိုလည်း ကျန်းမာစေတယ်ဆိုတဲ့ အချက်ပါပဲ။ အခြားသော အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတွေဟာ ကျန်းမာရေးချို့တဲ့ရင် အသုံးမကျအလကား ဖြစ်သွားတာကို သတိချပ်ဖို့လိုပါတယ်။ အားကစား ဟုဆိုသော်လည်း အင်အားတစ်ခုတည်းပေါ်မှာ မူမတည်၊ ဉာဏ်ကူရမယ်၊ သိပ္ပံနည်းကျနည်းပညာ တွေလည်း သင်ယူကြမှ အောင်ပွဲဆင်နိုင်ပါမယ်။ 

 

အားကစားလိုက်စားသူတို့ဟာ ကျန်းမာစေတဲ့ အစားအသောက်ရဲ့အရေးကြီးပုံ၊ အနားယူအိပ်စက် ခြင်းရဲ့ အရေးကြီးပုံကို သိရှိလာကြတယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု၊ ကိုယ်ကျင့်စရိုက်လက္ခဏာ ကောင်းမွန်ရေး၊ တာဝန်ယူမှု၊ ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ထား ပေါ်ပေါက်ရေး၊ ထူးခြားတဲ့စဉ်းစားဆင်ခြင်မှု၊ အနစ် နာခံမှု၊ နိုင်ငံသားတစ်ယောက်ရဲ့အဓိပ္ပာယ်၊ နိုင်ငံ ချစ်စိတ် အမျိုးသားရေးစိတ်ဓာတ်တွေကိုလည်း အားကစားတစ်မျိုးမျိုးပြုလုပ်ခြင်းက ရနိုင်တာ ကြောင့် မြန်မာအခြေခံပညာကျောင်း၊ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ စာသင်ချိန်အပြီး ကိုယ်လက် လှုပ်ရှားအားကစားနည်းတွေကို လုပ်ကြခြင်းဖြင့် လောကကိုအလှဆင်ပေးရာ ရောက်ပါတယ်။ 

 

နှလုံးသားဉာဏ်ရည်

 

ကိုယ်ကျင့်တရားလို့ခေါ်တဲ့ နှလုံးသားဉာဏ်ရည် ကို အာဂုံဆောင်ရုံဖြင့်မရနိုင်။ စာသင်ခန်းတွင်းမှာ ဆွေးနွေးညှိနှိုင်းသင်ကြားပို့ချ နားထောင်ကြခြင်း၊ ခရီးအတူသွား၊ သစ်ပင်ရိပ်အောက်မှာ အတူနား၊ သဲသောင်ပြင်မှာ အသင်းအဖွဲ့အဖြစ် အတူကစား၊ တေးဂီတနဲ့ အနုပညာပွဲတွေကသာ ကောင်းမွန်တဲ့ အကျင့်တွေကိုရနိုင်တယ်လို့ ဆိုပါတယ်။ လူ့အသိုက် အဝန်းနဲ့နေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုကျင့်ကြံပြုမူ ကြရမယ်ဆိုတာ သင်ယူကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို သာဖြစ်ခဲ့ရင် ကမ္ဘာကြီးမှာ ပထမကမ္ဘာစစ်-ဒုတိယ ကမ္ဘာစစ်ဆိုတာ ဖြစ်ခဲ့မှာမဟုတ်၊ အစ္စရေး-ပါလက် စတိုင်းအရေး၊ နေတိုး-ရုရှား− ယူကရိန်းအရေးတွေ ဟာလည်း ဖြစ်ပေါ်စရာအကြောင်းမရှိလောက်ဘူးလို့ယူဆပါတယ်။ ဘဝတစ်လျှောက် အောင်မြင်ဖို့ လိုအပ်ချက်က စည်းကမ်း(Discipline)၊ တွန်းအား (Drive)၊ သံန္နိဋ္ဌာန်(Determination)နဲ့ စိတ်ကူး အိမ်မက် (Dream)တို့ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာ အားကစားနည်းမျိုးစုံရှိရာ ပြေးခုန်ပစ်နဲ့ ဘောလုံး၊ဘော်လီဘောနဲ့ ဘတ်စကက် ဘောအားကစားပြိုင်ပွဲတွေဟာ အားကျစရာ စိတ်လှုပ်ရှားဖွယ်ရာ ပြည်တွင်း၊ ပြည်ပနိုင်ငံတိုင်းမှာ လောကကို အလှဆင်သူတွေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေတာတွေ့ရှိရပါတယ်။ ယခုလို ကမ္ဘာ့ ကပ်ရောဂါကြီးနဲ့ ကြုံတွေ့နေရသော်လည်း ကမ္ဘာ့ပြေးခုန်ပစ်နဲ့ ဘောလုံးပြိုင်ပွဲ၊ အိုလံပစ်ပြိုင်ပွဲတွေဟာ၊ ကျင်းပမြဲအစဉ်အလာကို ထိန်းထားတာ တွေ့ရတော့ လူသားတစ်ယောက်အနေနဲ့ လွန်စွာကျေနပ်ပီတိ ဖြစ်ရပါကြောင်း ရေးသားအပ်ပါတယ်။ ။