ရန်ကုန် မတ် ၂၉
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဝိုင်ဘီအက်စ်ယာဉ်အစီးရေ တစ်ထောင်ကျော်ကို ပုံမှန်ယာဉ်စီးခ နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
“မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဝိုင်ဘီအက်စ်ယာဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မတော်တဆမှုမဖြစ်စေရေး၊ လမ်းခရီးမှာ ယာဉ်ချွတ်ယွင်းမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်သလို မော်တော်ယာဉ်တွေ ပုံမှန်ယာဉ်စီးခနှုန်းထား၊ သင့်တင့်မျှတတဲ့ စျေးနှုန်းတွေနဲ့ ပြေးဆွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အတွင်း ဝိုင်ဘီအက်စ် ယာဉ်လိုင်းကုမ္ပဏီ ၁၅ ခုမှ စုစုပေါင်း ၇၁ လိုင်း ယာဉ်အစီးရေ ၁၁၇၆ စီးဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း YRTC မှ သိရသည်။
ကိုထက်


