ရန်ကုန် ၊ ဧပြီ ၁၁

 

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်အား ဧပြီ ၉ ရက်မှ ၁၇ ရက်နေ့ထိ (၉)ရက်တာ အားလပ်ရက်ဖြစ်ရာ နှစ်သစ်ကူး မဟာသင်္ကြန်ကာလ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများမှ ငပလီ၊ ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေ အပန်းဖြေခရီးသွားများ စည်ကားမှုကြောင့် သံတွဲလေယာဉ်ခရီးစဉ်များအား မူလခရီးစဉ် ပြေးဆွဲမှုထက် အခေါက်ရေ (၂၄)ခေါက် ထပ်တိုးပြေးဆွဲပေးလျက်ရှိသည်။

 

ရန်ကုန်-သံတွဲခရီးစဉ်အား Air KBZ ၏ ATR 72-600 လေယာဉ်များဖြင့် တစ်ပတ် ခုနှစ်ကြိမ် နေ့စဉ်ပြေးဆွဲ လျက်ရှိပြီး မန္တလေး-သံတွဲ လေကြောင်းခရီးစဉ်ကိုလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ Tour operators များနှင့်ညှိနှိုင်းမှုဖြင့် လိုအပ်ချက်နှင့်အညီ ပြေးဆွဲလျက်ရှိသည်။

 

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်အတွင်းနှင့် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှ အတက်နေ့ ဧပြီ ၁၆ ရက်ထိ ပင်လယ်ကမ်းခြေတွင် အပန်းဖြေသူများနှင့် ဧပြီ ၁၇ ရက် ရုံးပိတ်ရက် နောက်ဆုံးရက်မတိုင်မီ မိမိတို့နေရပ်သို့ ပြန်လိုသော အပန်းဖြေခရီးသွားများအတွက် လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ရာ ဧပြီ ၈ ရက်မှ ၁၈ ရက်ထိ သံတွဲခရီးစဉ်များအား အခေါက်ပို(၂၄)ခေါက်ထိ ထပ်တိုးပြေးဆွဲခြင်း ဖြစ်သည်။

 

“ဒီရုံးပိတ်ရက် သင်္ကြန်ကာလမှာ ပင်လယ်ကမ်းခြေမှာ အပန်းဖြေကြတာများတယ်။ သံတွဲကို ပုံမှန်ခရီးစဉ်တွေ အပြင် သင်္ကြန်ကာလမှာ ခေါက်ရေထပ်တိုးပြီး အပန်းဖြေခရီးသွားများကို ဝန်ဆောင်မှုပေးနေပါတယ်” ဟု MAI လေကြောင်းလိုင်းမှ ကပ္ပတိန် ကျော်စိုးလှက ပြောသည်။

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)အနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ခရီးသွားလိုအပ်မှုပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ပြီး Air KBZ လေကြောင်းလိုင်းအနေဖြင့် မဟာသင်္ကြန်ကာလ ငပလီသို့ အပန်းဖြေခရီးသွား စည်ကားမှုကြောင့် သံတွဲလေယာဉ်ခရီးစဉ်များအား အခေါက်ပို (၂၄)ခေါက် ထပ်တိုးပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး