မဟာသင်္ကြန်ကာလ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူ စည်ကားများပြား

ချောင်းသာ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့်မဟာသင်္ကြန်ကာလတွင် အပမ်းဖြေလာရောက်သူ ရေကစားသူများဖြင့် ယခင်ပုံမှန်ရက်များ ထက် ယနေ့နံနက်ပိုင်းမှစ၍ ပိုမိုစည်ကားလာကြောင်း သိရသည်။

“အရင်နေ့တွေက ငှားတာတော့ငှားရပါတယ်၊ ပုံမှန်တော့မဟုတ်ဘူး၊ ခရီးသည်ကျတဲ့နေ့ဆို နည်းနည်း ပိုငှားရတယ်ဗျ၊ ဒီမနက်ပိုင်းကတော့ ရေကူးသူရေကစားသူတွေများလာတော့ ဘောကွင်းတေ လက်မလည်အောင် ငှားရပါတယ်၊ သင်္ကြန်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ နယ်စုံကလာကြတာထင်တယ်၊ တစ်နေ့တစ်နေ့ပိုပိုပြီး လူစည်ကားလာတာကို တွေ့ရကြောင်း” ကမ်းခြေ၌ ရေကူးဘောကွင်း အငှားဝန်ဆောင်မှု လုပ်ကိုင်သူ တစ်ဦးထံကသိရသည်။

ကမ်းခြေသို့ လာရောက်သူများအေးချမ်းပျော်ရွှင်စွာ အနားယူအပမ်းဖြေရန်နှင့် ကမ်းခြေသာယာလှပစေရန် အတွက် မြို့အုပ်ချုပ်ရေးမှူး ရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသောစျေးသည်များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်းရောင်းချရန်၊  စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပမ်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)