မဟာဓာတ်အားလိုင်းနဲ့ မချိတ်ဆက်မိသေးလို့ လျှပ်စစ်ဓာတ်အားမရရှိသေးတဲ့ နေရာဒေသတွေ ရှိနေပါသေးတယ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရမယ်ဆိုတဲ့ ရေရှည်ရည်မှန်းချက်နဲ့ ဆောင်ရွက်နေတာရှိတယ်

ဦးကြည်မိုးနိုင်(ရေတာရှည်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များ

တွေ့ဆုံမေးမြန်း ရှင်မင်း ၊ ဓာတ်ပုံ ကေကေ

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ပြည်သူ့လွှတ်တော်၏ တာဝန်ခွဲဝေသတ်မှတ်ချက်အရ သက်ဆိုင်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်းခြင်းများ၊ နှစ်အလိုက် အမျိုးသားစီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်းများကို စိစစ်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကော်မတီဝင်များသည် ပြည်သူများကို အကျိုးပြုမည့် မေးခွန်းနှင့် အဆိုများ မေးမြန်းဆောင်ရွက်ပေးခြင်း၊ ဥပဒေကြမ်းများတင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသော ဝန်ကြီးဌာနများ၏ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးကိစ္စရပ်များအား စိစစ်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ရငွေ သုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၁၃) အဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများနှင့် ရငွေ သုံးငွေကိစ္စရပ်များကို စိစစ်လျက်ရှိသည်။ ထိုသို့ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဦးကြည်မိုးနိုင်

(ရေတာရှည်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ

ကျွန်တော်တို့က ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့အတွက် ဥပဒေပြုရေးကတော့ အဓိကတာဝန်ထမ်းဆောင်ပါတယ်။ တခြားမဏ္ဍိုင်တွေကို ကူညီထိန်းကျောင်းတဲ့ တာဝန်လည်း ရှိပါတယ်။ ပြီးတော့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်၊ ဒေသရဲ့လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်း ရတဲ့တာဝန်လည်း ရှိပါတယ်။ ကျွန်တော်တို့ကော်မတီ အနေနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ထိန်းကျောင်းရတယ်။ သူတို့ရဲ့ ဘတ်ဂျက်ကို စိစစ်ရတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီး ဌာနရဲ့ဆောင်ရွက်မှုတွေကို ပေါင်းစပ်ညှိနှိုင်း တွန်းအားပေး ဆောင်ရွက်ရပါတယ်။ ဒီကဏ္ဍတွေနဲ့သက်ဆိုင်တဲ့ ဥပဒေ တွေကို ခေတ်နဲ့ ညီညွတ်မှု ရှိ၊ မရှိကို စိစစ်လေ့လာ သုံးသပ် ရတယ်။ ဒါတွေက လုပ်ငန်းတာဝန်တွေပါ။

 

s1

 

ကျွန်တော်တို့ကော်မတီမှာ အမြဲတမ်းကော်မတီဝင် ၁၈ ဦးနဲ့ လေ့လာသူ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး ရှိတဲ့အတွက် စုစုပေါင်း ၂၀ ရှိပါတယ်။ ကော်မတီကို လေ့လာစိစစ်ဖို့ ပေးထားတဲ့ ဥပဒေ ရှစ်ခုရှိပါတယ်။ တကယ်တမ်း အသက်ဝင်နေတဲ့ ဥပဒေက အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေရှိတယ်။ မကြာခင် မှာ လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက် နေဆဲ ရေနံရှာဖွေတူးဖော်စမ်းသပ်ထုတ်လုပ်ခြင်းနဲ့ သက်ဆိုင်တဲ့ဥပဒေရှိတယ်။ ကျန်တဲ့ တည်ဆဲဥပဒေတွေ ကိုလည်း ခေတ်စနစ်နဲ့ကိုက်ညီဖို့ ပြင်ဆင်ရမယ့်အချက် တွေကိုလည်း လေ့လာသုံးသပ်စိစစ်နေတာလည်း ရှိပါတယ်။

ကော်မတီအနေနဲ့ တည်ဆဲဥပဒေတွေ ပြင်ဆင်တဲ့အခါ စကားရပ်တွေ၊ ဝေါဟာရတွေ စိစစ်ရတာရှိပါတယ်။ ဥပမာ အရင်က လျှပ်စစ်နဲ့စွမ်းအင်က ဝန်ကြီးဌာနသီးခြားစီ ရှိခဲ့ တယ်။ အခုက လျှပ်စစ်နဲ့ စွမ်းအင်ကို ဝန်ကြီးဌာနတစ်ခု အဖြစ် ပေါင်းလိုက်တဲ့အတွက် ဒီလိုဝေါဟာရတွေ၊ စကားရပ် တွေကအစ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ ကိုက်ညီအောင် စိစစ်ရပါတယ်။

s2

တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ် နိုင်ငံတော်က စိုက်ထုတ်သုံးစွဲရတဲ့ ကုန်ကျမှုကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတည်းက ကော်မတီက ဝန်ကြီးဌာနနဲ့ လက်တွဲပြီး အသေးစိတ်လေ့လာခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြုပြင်ပြောင်းလဲရေး စလုပ်ခဲ့တယ်။ ဒီလို နိုင်ငံတော်က စိုက်ထုတ်မှုလျှော့ချနိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပပညာရှင်တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံတကာအတွေ့အကြုံ၊ ကိုယ့်နိုင်ငံရဲ့အခြေအနေ ဒါတွေကို နှိုင်းယှဉ်သုံးသပ်ကြတယ်။ ပြည်သူတွေလည်း လက်ခံနိုင်၊ လက်လှမ်းမီနိုင်ပြီး နစ်နာမှုမရှိအောင်၊ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အခြေခံထားပြီး ဆောင်ရွက်ခဲ့တာပါ။ လျှပ်စစ် တိုးတက်ထုတ်လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်တဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ့် ထုတ်လုပ်မှုစနစ်၊ ထုတ်လုပ်မှုစွမ်းအင်အရင်း အမြစ်တွေကို အမြဲတမ်းဆန်းစစ်လေ့လာရပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်ရုံနဲ့တင်လည်း မပြီးပါဘူး။ ပို့လွှတ်ရေး၊ ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်စရာတွေ လည်း ရှိပါသေးတယ်။ ဒီလို ဆင့်ကဲဆင့်ကဲလုပ်ငန်းစဉ်တွေ အတွက် နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ ချိန်ခွင်လျှာညှိပြီး မျှဝေ သတ်မှတ်သုံးစွဲရတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ကော်မတီအနေနဲ့ ဆောင်ရွက်နေပါတယ်။

s3

နောက်တစ်ခုက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ယူသုံးစွဲနိုင်ရေးအတွက် မူဝါဒတွေရှိပါတယ်။ ဒါတွေကို အခုပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတာ ရှိပါတယ်။

s4

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲဖို့ ကမ္ဘာပေါ်မှာ တောင်းဆိုမှုတွေ ပိုမိုရှိလာနေပါပြီ။ တွင်းထွက်သယံဇာတ တွေကို စွမ်းအင်ရရှိဖို့ ထုတ်ယူသုံးစွဲတာက ရာသီဥတု ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် Generation Mix ထဲမှာ ပြည့်ဖြိုးမြဲစွမ်းအင်ကို ထည့်သွင်းသုံးစွဲဖို့ လက်ခံလာကြပြီးတော့ ကျွန်တော်တို့နိုင်ငံမှာလည်း နေရောင်ခြည်နဲ့ လေအားကနေ လျှပ်စစ်ထုတ်လုပ်သုံးစွဲရန် အားစိုက်ထုတ်လာတာ ရှိလာတယ်။ တစ်နိုင်ငံလုံး ထုတ်လုပ်မှုရဲ့ ရှစ်ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်သုံးစွဲနိုင်တဲ့ အခြေအနေပါ။ ဒီထက် ရာခိုင်နှုန်းပိုပြီး ထုတ်လုပ် သုံးစွဲနိုင်အောင် အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် မူဝါဒဆိုင်ရာဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။

s6

ပြည့်ဖြိုးမြဲစွမ်းအင် တိုးတက်သုံးစွဲဖို့ ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုရင်လည်း ပြဋ္ဌာန်းဖို့ ဝန်ကြီးဌာနကို တိုက်တွန်း ခဲ့တာရှိပါတယ်။ မဟာဓာတ်အားလိုင်းနဲ့ မချိတ်ဆက်မိ သေးလို့ လျှပ်စစ်ဓာတ်အားမရရှိသေးတဲ့ နေရာဒေသတွေ ရှိနေပါသေးတယ်။ ဒီနေရာတွေ လျှပ်စစ်ဓာတ်အားရရှိဖို့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရမယ်ဆိုတဲ့ ရေရှည်ရည်မှန်းချက်နဲ့ ဆောင်ရွက်နေတာရှိတယ်။ ရေတို အတွက် နှစ်စဉ် ငါးရာခိုင်နှုန်းလောက် ပြည်သူတွေ လျှပ်စစ်မီး တိုးတက်ရရှိဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်။ ဒါကြောင့် မဟာဓာတ်အားလိုင်းကနေမဟုတ်ဘဲ Off Gird ကနေ၊ ဆိုလိုတာက အသေးစားရေအားလျှပ်စစ်တို့၊ နေရောင်ခြည်တို့ကနေ ဒေသအလိုက် ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်မယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်ဆိုတဲ့ ရေရှည်ကို စောင့်စရာမလိုဘဲ မြန်မြန် အကောင်အထည်ဖော်နိုင်အောင် မူကြမ်းဆောင်ရွက်နေတာ ရှိပါတယ်။ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်းမှာ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်

(အမရပူရမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး

ကျွန်တော်တို့ကော်မတီက လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းလမ်းတွေ ရှာဖွေတယ်၊ သက်ဆိုင်ရာဝန်ကြီး ဌာန၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့လည်း ညှိနှိုင်း ဆွေးနွေးတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါ အကြံပြု တာတွေလည်း ရှိပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါ ကမ္ဘာ့ ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုနှုန်းကို ပြောင်းလဲကောက်ခံဖို့ အကြံပေးခဲ့တာ ရှိပါတယ်။ ကျန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း အကြုံပြုတာ အများကြီးရှိပါတယ်။

s5

ဒီလို လျှပ်စစ်ဓာတ်အားခ ပြောင်းလဲကောက်ခံတဲ့အခါ နိုင်ငံတော်က စိုက်ထုတ်မှု လျော့ပါးအောင်နဲ့ ပြည်သူလူထု အပေါ်မှာ ဝန်ထုပ်မပိအောင် အကြိမ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆွေးနွေးပြီးမှ အားလုံးအဆင်ပြေစေမှာကို ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။

s8

ကော်မတီအနေနဲ့ လာမယ့်နွေရာသီမှာ လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေးအတွက် အလေးပေးဆောင်ရွက် နိုင်ဖို့ ဆွေးနွေးနေတာရှိပါတယ်။ ဒီအတွက် ဆောင်ရွက် မယ့် စီမံကိန်းတွေအတွက် ဝန်ကြီးဌာနက တောင်းခံ လာတဲ့ ဘတ်ဂျက်ကိုလည်း ကော်မတီအနေနဲ့ ခွင့်ပြုပေးခဲ့ ပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့ ဘတ်ဂျက် စိစစ်တဲ့အခါမှာ စီမံကိန်းတွေအပေါ်မှာ ဖြတ်တောက်မှု မရှိပါဘူး။ လုပ်ငန်းတွေအပေါ်မှာ အမှန်ကုန်ကျစရိတ်နဲ့ ကိုက်ညီဖို့၊ ပစ္စည်းတန်ဖိုးတွေ ကိုက်ညီဖို့ စိစစ်တာဖြစ်ပါ တယ်။ ဒီအပေါ်မှာ စိစစ်ပြီး လျှော့ချတာမျိုးရှိပါတယ်။ စီမံကိန်းတွေအပေါ်မှာတော့ လျှော့ချတာမျိုး မရှိပါဘူး။

s7

ကော်မတီအနေနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး ရေးအတွက် အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပမာ မကွေးတိုင်းဒေသကြီးမှာ နွေရာသီ မီးမပြတ်စေ ရေးအတွက် သဘာဝဓာတ်ငွေ့နဲ့ဆောင်ရွက်ဖို့ စီစဉ်နေ တာမျိုး ရှိတယ်။ ဒီလိုလုပ်ငန်းတွေ အများကြီးရှိပါတယ်။