မြေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲ

၈ ဧပြီ

 

မြန်မာနိုင်ငံတွင် ယခင်က တိကျစွာ ပြဋ္ဌာန်းထားသော မြေအသုံးချမှု မူဝါဒမရှိခဲ့မှု အပါအဝင် ခေတ်အဆက်ဆက် မြေယာစီမံခန့်ခွဲမှု အားနည်းခဲ့သည့်အတွက် ယနေ့ နိုင်ငံတစ်ဝန်းတွင် မြေယာအငြင်းပွားမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနေရသည်။

 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အထူးသဖြင့် မြေသယံဇာတများ ပေါများပြီး နိုင်ငံလူဦးရေ၏ အများဆုံးဖြစ်သော ကျေးလက်ဒေသနေ တောင်သူများက စိုက်ပျိုးမြေများအဖြစ် ဓားမဦးချ လုပ်ကိုင်ပိုင်ဆိုင်လာခဲ့ကြသည်။

 

ယခင်ခေတ်ကာလက စနစ်တကျမဟုတ်သော ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် လုပ်ပိုင်ခွင့်အာဏာကို လွဲမှားစွာ ကျင့်သုံးမှုများကြောင့် တောင်သူများ ပိုင်ဆိုင်သော လယ်ယာမြေများမှာ အခြားစီမံခန့်ခွဲမှု မြေများအဖြစ် သိမ်းဆည်းခံရကာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

ထို့ကြောင့် မြေယာအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများ၊ မြေယာသိမ်းဆည်းမှုများ၊ အငြင်းပွားမှုများ၊ တိုင်တန်းမှုများ ဖြစ်ပေါ်ခဲ့ကာဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းရမည့် နည်းလမ်းများ ရှုပ်ထွေးများ ပြားမှုရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်။ ထိုမြေ သယံဇာတများကို နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ စီမံခန့်ခွဲရန် အမျိုးသား မြေအသုံးချမှု မူဝါဒတစ်ရပ်ကို ချမှတ်ထားပြီးဖြစ်သည်။

 

ထိုမြေအသုံးချမှုမူဝါဒတွင် မြေယာနှင့် အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ မြေယာလုပ်ပိုင်ခွင့် ခိုင်မာရေး၊ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြု အကာအကွယ်ပေးရေး၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေး အကုန်အကျ သက်သာမှုနှင့် လွတ်လပ်မှုရှိသည့် မြေယာအမှုအခင်းများ ဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ထူထောင်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးချမှု စီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသား မြေဥပဒေရေးဆွဲပြီး တည်ဆဲ မြေယာဥပဒေများကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ရန်တို့ ပါဝင်သည်။

 

အထက်ပါမြေအသုံးချမှု မူဝါဒတွင်ပါရှိသော လမ်းညွှန်ချက်များကို အတိအကျလိုက်နာပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့က ဟန်ချက်ညီစွာ ပူးပေါင်းကာ စနစ်တကျ စီမံခန့်ခွဲနိုင်မှသာလျှင် မြေယာအငြင်းပွားမှုများ လျော့နည်းလာပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာမည်ဟု မျှော်လင့်မိပါသည်။ ။
(ကြေးမုံ)