မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ၄ ဇွန် 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံ တောင်တံတားအနီးနှင့် မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)တို့အကြား ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် AA အဖွဲ့ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်းအနည်းငယ် ပျက်စီးခဲ့ပြီး ကျန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

1++++

 

မြေပုံမြို့နယ်၊ ဂြန့်ဟင်းခါးရွာနှင့် ကိုင်းကြီးရွာအကြား ရန်ကုန်-စစ်တွေသွား ကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံတောင်တံတားအနီး ယခင်မေလ ၃၁ ရက် ညနေပိုင်းက စစ်တွေမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေမန်းရတနာ ခရီးသည်တင်မှန်လုံယာဉ် မိုင်းနင်းမိပေါက်ကွဲသည့် နေရာအနီး၌ ယနေ့ နံနက်(၈) နာရီခန့်က ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ထောင်ထားသည့် မိုင်း ၂ လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့်ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း။

အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာနှင့် တောင်ချေကျေးရွာအကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)ကြား၌ ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ထောင်ထားသည့် မိုင်း ၅ လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရသည်။

AA အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန်နှင့် ဒုက္ခရောက်စေရန် အဖျက်အမှောက်လုပ်ငန်းများ ကျူးလွန်လျက်ရှိမှုအပေါ် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်