နေပြည်တော်၊ မတ် ၃၁

မြေဩဇာကော်မတီ၏ (၃၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ကိုဗစ် - ၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် ကုန်သွယ်မှု အခက်အခဲများနှင့်  ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပါအဝင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဈေးနှုန်းမတည်ငြိမ်ခြင်း၊ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သီးနှံ အထွက်တိုးရေးအတွက် အရေးပါသည့် မြေဩဇာများကို အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်း ကိုက်ညီစွာ သုံးစွဲနိုင်ရေး စနစ်တကျစိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ မြေဩဇာကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး မြေဩဇာ တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် လျှောက်ထားလာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် စုစုပေါင်း (၈၉၁၉) စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊ မြေဩဇာ တင်သွင်း၊ တင်ပို့ ၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းစနစ် မှတ်ပုံတင်လျှောက်ထား နိုင်ရန် MAIRS Online System စနစ် ဖွင့်လှစ်ပေးထားပြီး မှတ်ပုံတင်လက်မှတ်များ၊ ထောက်ခံချက် လက်မှတ်များကို စာရွက်စာတမ်းများအနေဖြင့် ထုတ်ပေးခဲ့ကြောင်း၊ ယနေ့ ကျင်းပသည့် မြေဩဇာကော်မတီ၏ (၃၅) ကြိမ်မြောက် အစည်းအဝေးတွင် စိစစ်ခွင့်ပြုပေးမည့် မှတ်ပုံတင်များ၊ ထောက်ခံချက်များမှစတင်၍ Online မှ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်