MELODY ရှာပြီးမှ သီချင်းအကြောင်းအရာတွေ စဉ်းစားသည့် အဆိုတော် ဝေလ

နေပြည်တော် ၂၉ ဇန်နဝါရီ

 

၁၉၈၂၊ မိတ်ကပ်မကြိုက်သောသီချင်းများ၊ အဓိပတိဖွား စသည့် တေးစီးရီးများကို ထွက်ရှိခဲ့သူ တေးသံရှင် ဝေလအနေဖြင့် ယခုတစ်ခါ သူ၏ နောက်ဆုံး တစ်ကိုယ်တော်ခွေဖြစ်သည့်  "အတုများတဲ့မြို့"အမည်ရ Audio CD တေးအယ်လ် ဘမ်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ဖြန်ချိသွားမည်ဟု သိရသည်။ 

 

"အတုများတဲ့မြို့ဆိုတာ ဒီအခွေထဲမှာပါတဲ့ သီချင်းတစ်ပုဒ်ရဲ့ခေါင်းစဉ်ပါပဲ။ အဓိပ္ပာယ်ကလည်း မြို့တစ်မြို့ကိုသွားရင် အတုတွေများတယ်ဆိုတဲ့ သဘောပါ။ ဒီသီချင်းလေးကိုရေးတော့ ထုံးစံအတိုင်း Melodyရှာပြီးတော့မှ သီချင်းရဲ့ အကြောင်းအရာကို စဉ်းစားတာပါ။ မြို့တစ်မြို့မှာ လူလိမ်တွေကများတော့ ကိုယ်နေရတာ စိတ်ညစ်တယ်ဆိုတဲ့ အကြောင်းလေးကို ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်တာပါ။ လက်ရှိမှာ ကိုယ်တိုင်တွေ့ကြုံနေရတာထက်စာရင် ကိုယ်ရေးချင်တဲ့ သီချင်းရဲ့ အဓိပ္ပာယ်ကိုပဲ ပိုပြီးအာရုံစိုက်ရေးဖြစ်တယ်။

 

 ဒီအခွေကို အဓိပတိဖွား ထွက်ပြီးကတည်းက တည်ထားတာပါ။ အဲဒီကြားထဲမှာ ခုတင်အမှတ်-၁၈လည်းထွက်လိုက်တော့ နှစ်နှစ်နီးပါးလောက်တော့ အချိန်ကြာ သွားတယ်။ ကျွန်တော် ထွက်ပြီးသား အခွေတိုင်းကို ကြိုးစားပြီး ဖန်တီးခဲ့တယ်။ ဒီအခွေကိုလည်း ရှေ့အခွေတွေလိုပါပဲ ရေးလိုက်၊ တီးလိုက်နဲ့ ၁၅ ပုဒ်လောက် တီးပြီးတော့မှ စိတ်ကြိုက်ဆယ်ပုဒ်ကို ရွေးလိုက်တာပါ" ဟုလည်း တေးသံရှင် ဝေလက ပြောကြားခဲ့သည်။

 

 အဆိုပါတေးစီးရီးတွင် တေးသီချင်းပေါင်း ဆယ်ပုဒ်ပါဝင်ပြီး  Bo Bo Music Production ,  Myanmar Media Management တို့မှ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင်  ဖြန့်ချိမည်ဟု သိရသည်။ လတ်တလောတွင်  နယ်ပွဲများနှင့် တခြား လူမှုရေးပွဲများတွင်လည်း အားရင်အားသလို ပရဟိတသဘောမျိုး လိုက်ဆိုပေးတာမျိုးတွေ ရှိတယ်ဟု တေးသံရှင်ဝေလက  ပြောကြားခဲ့သည်။

 

ကိုလင်း