မွေးကင်းစနှင့်ကလေးများအတွက် အသည်းရောင်အသားဝါ ဘီရောဂါနှင့် ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

နေပြည်တော် ၂၄ မတ်

 

မွေးကင်းစနှင့်ကလေး ကျန်းမာဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အသည်းရောင်အသားဝါ ဘီရောဂါပိုး ကူးစက်ခံရပါက ဖြစ်ပွားတတ်သော လက္ခဏာတွေနဲ့ နာတာရှည် အသည်းရောဂါ ဖြစ်ပွားသူ လူနာများအတွက် အသည်းပျက်စီးခြင်းကြောင့်ဖြစ်သော လက္ခဏာများကို ဖော်ပြပေး ထားပါသည်။

 

ဒါ့အပြင် ထိုရောဂါများ ကူးစက်ဖြစ်ပွားပါက ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါသည်။

 

အသည်းရောင်အသားဝါ ဘီရောဂါပိုး ကူးစက်ခံရသော အသက်တစ်နှစ်အောက် ကလေးငယ်များ၏ (၉၀%) သည် နာတာရှည်ဖြစ်လာကြသည်။ မွေးပြီးလျှင်ပြီးခြင်း စောစီးစွာ ကာကွယ်ဆေးထိုးပေးရန် အရေးကြီးပါသည်။

 

အသည်းရောင် အသားဝါဘီရောဂါပိုး ကူးစက်ခံရသူ၏ သွေးနှင့် အခြားခန္ဓာကိုယ်အရည်များမှ ကူးစက်ပြန့်ပွားသည်။ အိပ်ချ်အိုင်ဗွီ ရောဂါပိုးထက် အဆ(၅၀)မှ (၁၀ဝ)ထိ ပိုမိုကူးစက်နိုင်ပါသည်။

 

အသည်းရောင်အသားဝါဘီ ရောဂါဖြစ်ပွားသော ကလေးသည်

• အားနည်းခြင်း၊

• ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊

• အော့အန်ခြင်း၊

• ဗိုက်အောင့်ခြင်း၊

• မျက်စိနှင့် အသားဝါခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။

 

နာတာရှည် အသည်းရောဂါဖြစ်ပွားသူ လူနာများသည် အသည်းပျက်စီးခြင်းကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည့်

• ခြေထောက်ရောင်ခြင်း

• ဝမ်းဗိုက်ဖောင်းခြင်း

• သွေးအန်ခြင်း

• သတိဖောက်ပြန်ခြင်းနှင့် အမူအရာပြောင်းလဲခြင်း စသော ဝေဒနာများ ခံစားနိုင်ပါသည်။

• နာတာရှည် အသည်းရောင်အသားဝါ ဘီရောဂါပိုးသည် အသည်းခြောက်ရောဂါပိုးသည် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အသည်းပျက်စီးခြင်းနှင့် သေဆုံးခြင်းများ ဖြစ်စေနိုင်သည်။

 

အသည်းရောင် အသားဝါဘီရောဂါကို အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ ပထမဦးဆုံးသော ကင်ဆာ ကာကွယ်ဆေးဖြစ်ပါသည်။

 

ကလေးငယ်များအားလုံး မွေးကင်းစတွင် အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး (တစ်မျိုးတည်း)ကို တစ်ကြိမ်ထိုးနှံပေးရမည်။ အသည်းရောင် အသားဝါဘီရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး Pentavalent vaccine ဖြင့် ကာကွယ်နိုင်ပါသည်။ ကလေးအသက် (၂)လ၊ (၄)လ နှင့် (၆)လ အရွယ်များတွင် ငါးမျိုးစပ် ကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်ပေါင် အလယ်ပိုင်းအရှေ့ဘက်ရှိ ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN