မွေးကင်းစနှင့် ကလေးငယ်များ ဆုံဆို့နာရောဂါ ရောဂါကူးစက်ခံရပါက ဖြစ်တတ်သော လက္ခဏာများနှင့် ကာကွယ်ဆေး

နေပြည်တော် ၂၄ မတ်

  

ဆုံဆို့နာရောဂါ

 

မွေးကင်းစနှင့် ကလေးငယ်များ  ဆုံဆို့နာရောဂါ ရောဂါကူးစက်ခံရပါက ဖြစ်တတ်သော လက္ခဏာများနှင့် ဘယ်လိုကာကွယ်ဆေး ထိုးနှံပေးရမယ်ဆိုတာကို မွေးကင်းစနှင့် ကလေး ကျန်းမာဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖော်ပြပေးထားပါသည်။ 

ဆုံဆို့နာရောဂါသည် လေတွင်သယ်ဆောင်သော ရောဂါပိုးပါဝင်သည့် အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းမှ တဆင့် ကူးစက်သည်။

 

ရောဂါကူးစက်ခံရသူကလေးသည်

  • လည်ချောင်းနာခြင်း
  • စားသောက်ချင်စိတ်မရှိခြင်း
  • အဖျားအနည်းငယ်ရှိခြင်း စသည့်ရောဂါလက္ခဏာများ ခံစားရပါမည်။
  • အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင် အမြှေးပါးတွေ့ရှိရတတ်သည်။ အဆိုပါ အမြှေးပါးသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့တတ်သည်။ အစာမမြိုနိုင်၊ အသက်မရှူနိုင် ဖြစ်တတ်သည်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။
  • နှလုံးနှင့် အာရုံကြောသို့ ပျံ့နှံ့သွားပါက သေဆုံးနိုင်ပါသည်။

 

ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။

 

ငါးမျိုးစပ် ကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်း အရှေ့ဘက်ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN