မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ

mdn

သတင်းဆောင်းပါး - ဒေါက်တာဝင်းအောင် (သုတေသီ)

 

ကမ္ဘာပေါ်တွင် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် မကူးစက်နိုင်သော ရောဂါများ အနက်တစ်ခုအပါအဝင်ဖြစ်သည့် မြွေကိုက်ရောဂါသည် လက်ရှိအဓိက ကမ္ဘာ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်နေပါသည်။ ၂၀၁၈ ခုနှစ် မေလတွင် ဂျီနီဗာ၌ ကျင်းပပြုလုပ်ခဲ့သော ၇၁ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင်ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် နှစ်စဉ် မြွေကိုက်ခံရ သူပေါင်း ၅ ဒသမ ၄ သန်းခန့်ရှိပြီး သေဆုံးသူဦးရေပေါင်း မှာ ၈၁၀ဝ၀ မှ ၁၃၈၀ဝ၀ နှင့် မြွေကိုက်ခံရမှု ကြောင့်နောက်ဆက်တွဲရောဂါနှင့် မသန်မစွမ်းဖြစ်မှုများ ဆက်လက်ခံစားနေရသူပေါင်းမှာ ၄၀ဝ၀ဝ၀ ခန့်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာပေါ်တွင် မြွေအမျိုး အစားပေါင်း ၂၇၀ဝ ခန့်ရှိပြီး အမျိုးအစား ၃၅၀ ခန့်သည်သာ အဆိပ်ရှိမြွေဆိုးများ ဖြစ်ကြပါသည်။

 

မြန်မာနိုင်ငံနှင့် မြွေကိုက်ခံရမှု

 

မြန်မာနိုင်ငံတွင်၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နှစ်စဉ်လူဦးရေ ၉၀ဝ၀ ခန့် မြွေကိုက်ခံရပြီး အကိုက်ခံရသူများ၏ ၆၀ဝ ခန့်(၇ ရာခိုင်နှုန်းခန့်) မှာ အသက်ဆုံးရှုံးရပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံစာရင်းဇယားများအရ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှုနှုန်း အများဆုံးသော ဒေသများမှာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး သေပျောက်မှုအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး (၁၅ ရာခိုင်နှုန်းခန့်) ဖြစ်ပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည်ကျေးလက်ဒေသများတွင် နေထိုင်သောသူများဖြစ်ကြပြီး မြွေကိုက်ခံရ မှုနှုန်း များပြားသည်မှာလည်း ကျေးလက်တောရွာဒေသများတွင် ဖြစ်ပါသည်။ လူဦးရေထူထပ်ခြင်း၊ လယ်ယာလုပ်ငန်းခွင်များတွင် နေ့စဉ်အလုပ်လုပ်ကိုင်နေကြရခြင်း၊ အဆိပ်ရှိသော မြွေဆိုးများ ပေါများခြင်းနှင့် ကျန်းမာရေးဗဟုသုတ နည်းပါးခြင်းတို့ကြောင့်လည်း ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း များရခြင်းဖြစ်ပါသည်။ အကိုက်ခံရသူအများစုမှာလည်း လယ်ယာ၊ တောင်ယာ စိုက်ပျိုးသူများ၊ တိရစ္ဆာန်ထိန်းကျောင်းနေသူများ၊ ရေလုပ်သားများ၊ မြွေများကိုရှာဖွေဖမ်းဆီးနေသူများနှင့် ကိုင်တွယ် ထိန်းသိမ်းနေသူများ ဖြစ်ကြပါသည်။

 

 မြန်မာနိုင်ငံတွင် မြွေအမျိုးအစား ၁၅၀ ခန့်ရှိပြီး အဆိပ်ပြင်းသော မြွေဆိုးအမျိုးအစားပေါင်း ၅၀ ခန့် ရှိပါသည်။ အဆိုပါ မြွေဆိုးများအနက် ၉၀ ရာခိုင်နှုန်းသည်မြွေပွေးများဖြစ်ပြီး ကျန်ရာ ခိုင်နှုန်းမှာ မြွေဟောက်၊ ငန်းတော်ကျား၊ ငန်းပုပ်၊ ပင်လယ်ဂျပ်မြွေ၊ မြွေစိမ်း မြီးခြောက်နှင့် အခြားမြွေတို့ ဖြစ်ကြပါ သည်။ သတိချပ်စေလိုသည်မှာ မြွေကိုက်ခံရတိုင်း ကိုက်သည့် မြွေသည် အဆိပ်ရှိသောမြွေမဟုတ်၊ အဆိပ်ရှိသော မြွေတိုင်းလည်း လူကိုအန္တရာယ်ပြုနိုင်သည့်၊ သေစေနိုင် သည့်အဆိပ်ရှိသည့် မြွေဆိုးမဟုတ်၊ မြွေဆိုးအကိုက်ခံရတိုင်းလည်း အကိုက်ခံရသူအများစုသည် ခန္ဓာ ကိုယ်အတွင်းသို့ မြွေဆိပ်မဝင်၊ မြွေဆိပ်ဝင်တိုင်းလည်း ပမာဏအနည်းငယ်သာဝင်ပါက မြွေဆိပ်မသင့်၊ မတက်နိုင်ပါ။ အဆိပ်ပြင်း သော မြွေဆိုးများအကိုက်ခံရ၍ အဆိပ်ပမာဏများစွာဝင်မှသာလျှင် မြွေဆိပ်တက်ခြင်း (Systemic Envenom-ation)  ဖြစ်နိုင်ပါသည်။ စနစ်တကျသုတေသနပြု စမ်းသပ်တွေ့ရှိချက် များအရ မြွေကိုက်ခံရသူအားလုံး၏ ၂၈ ရာခိုင်နှုန်းသည် ခန္ဓာကိုယ်တွင်းသို့ မြွေဆိပ်မဝင်ပါ (Dry Bite)၊ နောက်ထပ်၂၈ ရာခိုင်နှုန်းသည် မြွေဆိပ်အနည်းငယ်သာဝင်သဖြင့် မြွေဆိပ်မသင့်၊ မတက်ပါ။ ကျန် ၄၄ ရာခိုင်နှုန်းသာလျှင် အန္တရာယ်ပြုနိုင်လောက်သော မြွေဆိပ်ပမာဏဝင်ပြီး မြွေဆိပ်တက်ခြင်း နှင့် ခန္ဓာကိုယ်တွင်း အင်္ဂါများဖြစ်သော အာရုံကြောပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အထက်ပါမြွေဆိပ်သင့်ခြင်း၊ တက်ခြင်းမရှိသော (၅၆ ရာခိုင်နှုန်းသော) မြွေကိုက်ခံရ သူများသည် မြွေဆိပ်ဖြေဆေးထိုးနှံမှု ခံယူရန်မလိုအပ်သဖြင့် ဘာမျှမလုပ်ဘဲစောင့်ကြည့်မှုပဲပြုပြု၊ ရေမန်းတိုက်၍ ပဲကုကု၊ ဆေးဖက်ဝင်အပင်များနှင့်ပဲကုကု၊ မြွေဆိပ်ဖြေ ဆေးမပေးဘဲကုသမှုပြုပြု၊ မြွေဆိပ်မတက်ဘဲ၊ ဘာမျှ ဆက်လက်မဖြစ်လာနိုင်ဘဲ အလိုအလျောက် ပြန်ကောင်း သွားပါမည်။ သို့သော် မြွေဆိုးကိုက်၍ မြွေဆိပ်တက်သော လူနာများ တွင်မူ မှန်ကန်ထိရောက်သော မြွေဆိပ်ဖြေဆေး ကို အချိန်မီ သတ်မှတ်ပမာဏမရရှိပါက ရာနှုန်းပြည့်အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပါသည်

 

မြွေဆိပ်နှင့် ဆေးဖက်ဝင်အပင်များ၏ ချေဖျက်နိုင်မှုအာနိသင်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ က္ဘာပေါ်တွင် အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ အီဂျစ်၊ ဆီးရီးယားနိုင်ငံများအပါအဝင် အာရှနှင့် အာဖရိကဒေသများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက် တောရွာနေလူများတွင် လူသားများ၏ ၇၀ ရာခိုင်နှုန်းသည် မြွေကိုက်ခံရပါက မိရိုးဖလာ ဆေးဖက်ဝင်အပင်များ (Medicinal Plants)ကို အားထားအသုံးပြုလျက်ရှိကြကြောင်း သိရှိရသည်။ အထက်ပါကဲ့သို့ အသုံးပြုရခြင်းအကြောင်းရင်းမှာ မိရိုး ဖလာပြောကြားချက်၊ လုပ်ဆောင်ချက်များကို စွဲလမ်း ယုံကြည်ခြင်းနှင့် မိမိတို့နှင့်လက်လှမ်းမီ၍ အလွယ်တကူရရှိနိုင်ခြင်း၊ အနောက်တိုင်းဆေးများ၏ အာနိသင်ကို မသိခြင်း၊ လက်လှမ်းမမီခြင်း၊ ဆေးရုံ၊ ဆေးခန်း အလှမ်း ကွာဝေးခြင်း၊ ကျန်းမာရေး ဗဟုသုတနည်းပါးခြင်းနှင့်အနောက်တိုင်းဆေးများ၏ မလိုလားအပ်သောဆိုးကျိုးတို့ကို ခံစားရမည်ဟု လွဲမှားစွာယုံကြည်နေခြင်းတို့ကြောင့်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ တချို့သော အာယုဗေဒ ဆေးကျမ်းများ (Ayuvedic Text) နှင့် သုတေသနတွေ့ရှိချက်များတွင် မြွေဆိပ်ကို ချေဖျက်နိုင်သော ဆေးဖက်ဝင်အပင်များကို ဖော်ပြထားပါသည်။ ထိုဆေးဖက်ဝင်အပင်များသည် မြွေဆိပ်တွင်ပါဝင်သော လူကိုအ္တရာယ်ဖြစ်စေသည့် ပရိုတိန်းများ၊ အင်ဇိုင်းများနှင့် အခြားသော ဓာတ်များကို ချေဖျက်နိုင် စွမ်းရှိကြောင်း တင်ပြထားပါသည်။ သို့သော် အစွမ်းအာနိသင် ပြည့်စုံသည်ဟု သတ်မှတ်ထားသော အပင်၊ သစ်ဥသစ်ဖုအများစု၏ အမှန်တကယ်အာနိသင်ရှိသည့် အစိတ်အပိုင်းကို သန့်စင်ဖော် ထုတ်ခြင်းနှင့် အဆိုပါအစိတ်အပိုင်းမှာ မြွေဆိပ်ကို မည်သို့မည်ပုံချေဖျက်နိုင်သည်၊ အာနိသင်လျော့စေ နိုင်သည်တို့ကိုစနစ်တကျသုတေသနပြုထားခြင်းမရှိပါ။ အထက်ပါကဲ့သို့ဓာတ်ခွဲခန်းတွင် ပထမအဆင့် စမ်းသပ်ခြင်း၊ ဓာတ်ခွဲခန်း တိရစ္ဆာန်ငယ်များအပေါ် ဒုတိယအဆင့် ဆက်လက်စမ်းသပ်ခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်ပြီးမှသာ လူသားများအပေါ်တွင် အမှန်တကယ်အာနိသင် ရှိ၊ မရှိနှင့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ ဆက်လက် စမ်းသပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းတို့ကို ဆောင်ရွက် ရန် လိုအပ်ပါ မည်။

 

မြန်မာနိုင်ငံနှင့် ဆေးဖက်ဝင်အပင်များ အသုံးပြုမှု

 

မြန်မာနိုင်ငံတွင် မိမိအိမ်/ ခြံအတွင်းသို့ မြွေမလာနိုင်အောင် ခြံပတ်လည်တွင် ရှဉ့်မတက်ပင်၊ နှင်းဆီပင်၊ ပင်စိမ်း ပင်နှင့် Kiss Me Quick  ကဲ့သို့ (ဆူးခက်များပါသော) အပင်များ စိုက်ပျိုးထားခြင်း၊ ခြံနှင့် အိမ်ပတ်ဝန်းကျင်တွင်ဆီးဖြူသီးများ ဖြန့်ကြဲထားခြင်းတို့ကို လုပ်ဆောင် တတ်ကြပါသည်။ ကျေးလက်တောရွာများတွင် မြွေကိုက်ခံရပါက ရောဂါပေါ့စေရန်နှင့် မကြောက်လန့် စေရန်အတွက် “ပိုးထိသည်” ဟုသာခေါ်ဆိုခြင်းနှင့် မြွေကိုက်ခံရသည့်နေရာရှိ ကွင်းပိုင် လယ်ပိုင်၊ တောစောင့်တောင်စောင့်နတ်များကို ပူဇော်ကန်တော့ တောင်းပန်ခြင်းတို့ ပြုလုပ်လေ့ ရှိတတ်ကြ ပါသည်။ ထို့အပြင် အကိုက်ခံရသည့်လူကိုမြွေဆိပ်တက်ခြင်းမှ ကာကွယ်ရန် အောက်ဖော်ပြပါ မိရိုး ဖလာ၊ ဒေသနှင့် အိမ်တွင်းကုထုံး၊ ဆေးမြီးတို၊ ဆေးဖက်ဝင်အပင်များဖြင့် အရေးပေါ်ကုသ လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ မြွေကိုက်ခံရသည့်လူကို မြင်းခွာရွက်ကို စားစေခြင်း၊ ကြက်သ ဟင်းရွက်စားစေခြင်းနှင့် အမြစ်ကို ထောင်းထု၍ ရေစိမ်သောက်ခြင်း၊ ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးခြင်း၊ ဆေးခါးကြီးပင် (ခေါ် ) ရှမ်းဆေး ခါးကြီးပင် (အခြောက်မှုန့်) ကိုရေဆူဆူဖြင့် ဖျော်၍ သောက်ခြင်း၊ ဆေးခါးကြီးပင်အစိမ်းကို ရေကျက်အေးဖြင့်ဖျော်သောက်ခြင်း၊ ကျီးအာသီးပင်၏ ဥကို အစိမ်းလိုက်ဝါးစားခြင်းနှင့် ခွေးလှေးယားသီး (အနက်စေ့)စားခြင်း တို့ကို လုပ်ဆောင် တတ်ကြပါသည်။

 

ထို့အပြင် မြွေကိုက်ခံရသည့် ဒဏ်ရာနေရာသို့ အပ်စိုက်ခြင်း၊ စုတ်ထိုးခြင်း၊ ကြက်ဥအစိမ်းကို မြွေစွယ်ဒဏ်ရာအတိုင်း အပေါက်နှစ်ပေါက်ဖောက်၍ ကပ်ပေးခြင်း၊ ကြက်၏ရင်ပုံကိုအုပ်ပေးခြင်း၊ သစ်ကြားသီးအစေ့နှင့် အရွက်တို့ကို ထောင်းထုကာ အရည်ဖျော်၍ လိမ်းပေးခြင်း၊ က္ကုဿရမူလီအမြစ်ကိုသွေးလိမ်းပေးခြင်း၊ သင်္ဘောသီးအကင်းကို ထိပ်မှဖြတ်၍ ကပ်ပေးခြင်း၊ ပင်စိမ်းရွက်ကို ကြိတ်အုံပေးခြင်းနှင် မြင်းခွာရွက်ကိုကြိတ်၍ ရလာသောအရည်ကို လူးပေး ခြင်းတို့ကိုလည်း လုပ်ဆောင်တတ်ကြပါသည်။ အထက်ပါ ရိုးရာဓလေ့နှင့် မိရိုးဖလာအရ ဆောင်ရွက်ချက်များသည်ထိရောက်မှုရှိသည်၊ မရှိသည်ကိုတော့ မသိပါ။ သို့သော်စနစ်တကျ သိပ္ပံနည်းကျကျ သုတေသနပြုဆောင်ရွက်ထားသည့် အထောက်အထားများ လုံးဝမရှိသေးပါသဖြင့်ရာ နှုန်းပြည့် ထိရောက်မှုရှိသည်ဟု မယူဆနိုင်ပါ၊ မမှတ်ယူသင့်ပါ။

 

မြန်မာ့ဆေးဖက်ဝင်အပင်များသုတေသနပြုလုပ်မှု အခြေအနေ

 

မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနတွင် မြွေဆိပ်သင့်ခြင်းအတွက် စနစ်တကျ သုတေသနပြုလုပ်ထားသော ဆေးဖက်ဝင်အပင်များ ရှိပါသည်။ ၁၉၇၂ ခုနှစ်တွင် သုတေသနပြုစမ်းသပ်ခဲ့သော ဂမုန်းတိမ်ပြာနှင့် ပိန်းရိုင်းပင်များ၏ ဆားရည်တွင်ပျော်ဝင်နေသော အနှစ်များသည် မြွေဆိပ်ကို ချေဖျက်နိုင်သည့် အာနိသင်မရှိကြောင်းကို လည်းကောင်း၊ ၂၀ဝ၈ ခုနှစ်အတွင်းမန်ကျည်းစေ့(Tamarindus Indica Lin Seed) ၏ အယ်လ်ကိုဟောတွင် ပျော်ဝင်ထားသည့် အနှစ်သည်မြွေပွေးဆိပ်တွင်ပါဝင်သည့် တချို့သော ဇီဝအာနိသင်များကို လျော့ပါးစေနိုင်ကြောင်းကို လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ခွေးလှေးယားသီးစေ့(Seed Macuna Pruriens Linn DC)၏ ရေတွင်ပျော်ဝင်ထားသည့်အနှစ်သည် မြွေပွေး၏ သေစေနိုင်သော အဆိပ်အာနိသင်ကို ချေဖျက်နိုင်ကြောင်းကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရေနှင့် အယ်လ်ကိုဟောတွင်ပျော်ဝင်ထားသော ကြောင်ပန်းကြီးအမြစ် (Root of Vitex negundo Linn) အနှစ်သည် မြွေပွေးဆိပ်၏ အဆိပ်သင့်ခြင်းကို ချေဖျက်နိုင်စွမ်းရှိကြောင်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဆေးခါးကြီးပင် (Andrographis Paniculata Nees)သည်လည်း မြွေပွေးဆိပ်ကို ဖြေနိုင်သည့်အာနိသင်ရှိကြောင်းကိုလည်းကောင်း တင်ပြထားပါသည်။ သို့သော် အထက်ပါ သုတေသနဆောင်ရွက်ချက်အများစုသည် ဓာတ်ခွဲခန်း အတွင်း In-vitro နှင့် တိရစ္ဆာန်ငယ်များ အပေါ်တွင်စမ်းသပ်တွေ့ရှိချက် အဆင့်သာရှိပါသည်။ မြွေပွေးအဆိပ်ကို အတိုင်းအတာတစ်ခုအထိ ချေဖျက်နိုင်သည့် အာနိသင်ရှိကြောင်းကိုသာ သုတေသနပြုထားခြင်းဖြစ်ပြီး ဆေးပင်၏ ဘေးထွက်ဆိုးကျိုးများရှိ၊ မရှိကိုမူ စမ်းသပ်ထားခြင်း မရှိပါ။

 

ဆေးဖက်ဝင်အပင်၏ ချက်ချင်းနှင့်ရေရှည်အန္တရာယ်ဆိုးကျိုးပေးနိုင်မှုရှိ၊ မရှိ၊ အသုံးပြုရမည့် ဆေး ပမာဏအတိအကျပါဝင်သည့် အဆိပ်ချေဖျက်နိုင်သည့်အာနိသင်ပေးသည့် အစိတ်အပိုင်းနှင့် ဓာတုအမျိုးအစား တို့ကိုလည်း ဖော်ထုတ်တင်ပြနိုင်ခြင်းမရှိသေးပါ။ မြွေဆိပ်သင့် လူနာများအပေါ်တွင် အမှန်တကယ် အစွမ်း အာနိသင်ရှိ၊ မရှိနှင့် ဆိုးကျိုးများရှိ၊ မရှိ လူပုဂ္ဂိုလ်များ အပေါ် သုတေသနကျင့်ဝတ်နှင့်အညီ ဆက်လက် စမ်းသပ်သုတေသနပြုလုပ်ရန် လိုအပ်ဦးမည် ဖြစ်ပါသည်။

 

ဆေးဖက်ဝင်အပင်များ၏ ကောင်းကျိုး၊ ဆိုးကျိုး

 

အထက်ပါ ဆေးဖက်ဝင်အပင်များကို မြွေကိုက်ခံရသည့် လူနာများအပေါ် နည်းမျိုးစုံဖြင့် အသုံးပြုခြင်းသည်ကောင်းကျိုးမရှိနိုင်သည့်အပြင် ဆိုးကျိုးများကို ပိုမိုဖြစ်စေပါသည်။ မြွေကိုက်ခံရသောနေရာကို မလိုလားအပ်သည်တို့ကို လိမ်းခြင်း၊ လူးခြင်း၊ နှိပ်ခြင်း၊ စုပ်ထုတ်ခြင်း တို့ကြောင့် အဆိပ်ပိုမိုပျံ့နှံ့စေပြီး သွေးထွက်လည်း လွန်စေပါသည်။ မလိုလားအပ်သည်တို့ကို တိုက်ကျွေးခြင်း ကြောင့်လည်း ပျို့ခြင်း၊ အန်ခြင်း၊ သွေးအန်ခြင်း၊ မိန်းမောခြင်း နှင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းတို့လည်း ဖြစ်စေတတ်ပါသည်။ အထူးသဖြင့် မြွေကိုက်ခံရသော လူနာသည် မိမိမြွေကိုက်ခံရခြင်းအတွက် အစွမ်းထက်သော ဆေးဖက်ဝင်အပင်များကို လိမ်းထားပြီး၊ သောက်ထားပြီး၊ ကုသပြီးဖြစ်သည်ဟု ယူဆပြီး မြွေဆိပ်မတက်တော့ပြီ၊ ဆေးရုံသို့သွားရောက် ကုသမှုခံယူရန် မလိုတော့ပြီဟု လွဲမှားစွာယုံကြည်မှု (False Sense of Secu-rity) ရရှိသွားနိုင်သဖြင့် လွန်စွာအ္တရာယ်ကြီးမားလှပါ သည်။ မြွေကိုက်ခံရပါက ပျောက်စေဆရာ၊ မြွေအလမ္ပာယ်ဆရာ၊ ပယောဂဆရာ၊ မန်း၊ မှုတ် ဆရာတို့ထံ ပို့ဆောင်ကုသမှုခံယူခြင်း မပြုသင့်ပါ။ အထက်ပါကဲ့သို့ ပြုမူနေ ခြင်းဖြင့် မလိုလားအပ်ဘဲ ဆေးရုံသို့ပို့ဆောင်ပေးရမည်။

 

မြွေဆိပ်သင့်ခြင်းကုသနိုင်သော ဆေးဖက်ဝင်အပင်များ ထုတ်လုပ်ရောင်းချခြင်း

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အပင်အမျိုးအစားပေါင်း ၂၅၀ဝ၀ဝ၀မှ ၅၀ဝ၀ဝ၀ဝ ခန့်ရှိပြီး ထိုအပင်များအနက် ၂၅ ရာခိုင်နှုန်းသည်ဆေးဖက်ဝင်အပင်(Medicinal Plant)များ ဖြစ်ပါသည်။ ဈေးကွက်တွင် တရားဝင်ထုတ်လုပ် ရောင်းချအသုံးပြုလျက်ရှိသော ဆေးများ၏ ၁၁ ရာခိုင်နှုန်းသည် ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားရှိပါသည် (ဥပမာ- နှလုံးရောဂါ၊ ငှက်ဖျား၊ အဆစ်အမြစ်ရောင်၊ ကင်ဆာရောဂါကုသဆေး များ၊ အဏုဇီဝပိုးသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ အာတီဆူနိတ်၊ ဒစ်ဂျစ်တယ်လစ်၊ အထရိုပင်း၊ ကိုဒင်း၊ မော်ဖင်းစသည်ဖြင့်)၊ ကမ္ဘာတစ်ဝန်းတွင် မြွေ ကိုက်ရောဂါနှင့်ပတ်သက်၍ အာနိသင်အစွမ်းထက် သည်ဟုကျော်ကြားသော ဆေးဖက်ဝင်အပင်များကို စနစ်တကျ စမ်းသပ် သုတေသန ပြုတင်ပြချက်များစွာရှိပါသည်။ သို့သော် မြွေကိုက်ခံရမှု၊ မြွေဆိပ်သင့်ခြင်းအတွက် ကုသသည့် ဆေးဖက်ဝင်အပင်မှ ထုတ်လုပ်သည့် ဆေးကိုမည်သည့် ဆေးဝါးကုမ္ပဏီမှ တရားဝင်ထုတ်လုပ်ခြင်း၊ ဈေးကွက်တွင် ရောင်းချခြင်း ယနေ့အထိ မရှိသေးပါ။ မြန်မာနိုင်ငံတွင်လည်း မြွေကိုက်၊ မြွေဆိပ်သင့်ခြင်းကိုကာကွယ်နိုင်သည်၊ ချေဖျက်နိုင်သည်၊ ပျောက်ကင်းစေ သည်ဟု လူအများ ပြောနေကြသော၊ ကျော်ကြားနေသော၊ လူမှုကွန်ရက်တွင် မျှဝေပေးနေသော၊ ကြော်ငြာနေသော မြန်မာ့ဆေးဖက်ဝင် သစ်ဥ၊ သစ်ဖုနှင့် အပင်များစွာရှိပါသည်။ သို့သော် မည်သည့် ဆေးဖက်ဝင်အပင်မျှ ဈေးကွက်တွင်တရားဝင်ခွင့်ပြု ရောင်းချနေခြင်း မရှိသေးပါ။ ထို့ကြောင့်သက်ဆိုင်ရာ လ က်ရှိတာဝန်ရှိ ဆေးသုတေသီများ၊ မြွေကိုက်ရောဂါပညာရှင်များနှင့် မြန်မာတိုင်းရင်းဆေးဆရာကြီးများ ကလည်း မြွေဆိပ်ကိုဖြေနိုင်စွမ်းရှိသည့် ဆေးဖက်ဝင်အပင်များကို မြွေဆိပ်သင့်လူနာများအပေါ်တွင် လက်တွေ့ အောင်မြင်စွာ အသုံးပြုနိုင်သည်အထိ စနစ်တကျ စမ်းသပ်လေ့လာသုတေသနပြုဖော်ထုတ်ပေးရန် လိုအပ်ပါမည်။

 

အကြံပြုတင်ပြချက်

 

မြွေဆိုးအကိုက်ခံရ၍ မြွေဆိပ်တက်ခြင်းသည်တခြားသော ရောဂါများနှင့် မတူပါ။ အရေးပေါ် ဆေးကုသမှုချက်ချင်းခံယူရမည့် အခြေအနေ (Acute Medical Emergency)  ဖြစ်သဖြင့် ချက်ချင်း ကုသမှုမဆောင်ရွက်နိုင်ပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် မြွေဆိပ်သင့်လူနာများ အပေါ်တွင်ထိရောက်မှန်ကန်သော မြွေဆိပ်ဖြေဆေးပမာဏဖြင့်အချိန်မီ ကုသပေးနိုင်ခြင်းမရှိပါက အသက်အန္တရာယ်စိုးရိမ်ဖွယ်ဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအချိန်ကာလတွင် မြွေကိုက်ခံရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် မှန်ကန်တိကျသော ရှေးဦးသူနာပြုစုခြင်းမှလွဲ၍ အာနိသင်အာမခံချက်လုံးဝမရှိသော၊ ဆိုးကျိုးများဖြစ်စေနိုင်သော ဆေးဖက်ဝင်သည်ဟု လူအများပြောသော၊ ယူဆရသော ဆေးဖက်ဝင်အပင်များကို လိမ်းခြင်း၊ လူးခြင်း၊ တိုက်ကျွေးခြင်းများလုံးဝမပြုလုပ်ဘဲ မြွေဆိပ်ဖြေဆေးရှိရာ နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့စေလွှတ်ပို့ဆောင်စေပြီး ထိရောက်သောကုသမှုကိုသာလျှင် ခံယူသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။