မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေကာ တောင်သူစီးပွား တိုးပွားစေမည်

ရွှေယွန်း

ရေပေးမြောင်း၏ တစ်ဖက်တစ်ချက်ရှိ လယ်ယာစိုက်ပျိုးခင်းများအတွင်း စိုက်ခင်းလုပ်ငန်းဆောင်တာများဖြင့် သက်ဝင်လှုပ်ရှားနေသည်။ စိုက်ခင်းများတွင် ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေရရှိနေသဖြင့် တပ်ကုန်းမြို့နယ် စိုက်ပျိုးတောင်သူများ၏ လယ်ယာလုပ်ငန်းခွင်သည် စိုက်ပျိုးသီးနှံ အထွက်တိုးအောင် ကြိုးပမ်းအားထုတ်ရင်းဖြင့် နွေ၊ မိုး၊ ဆောင်း လည်ပတ်နေသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ဆောင်ကြပြီး စိုက်ပျိုးမြေများအတွက် စိုက်ပျိုးရေကို ဆင်သေဆည်မှ အဓိကဖြန့်ဝေပေးလျက်ရှိသည်။ ထိုသို့ တောင်သူများ၏ စိုက်ပျိုးမြေများထံ အကျိုးပြု ဆည်ရေ ပေးဝေလျက်ရှိရာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုနည်း၍ မိုးရေချိန် လျော့နည်းပြီး ဆည်ရေအဝင်နည်းသည့် နှစ်များတွင် ရေပေးမြောင်းအဖျားပိုင်းရှိ ဆည်ရေသောက် ဧကများအတွက် စိုက်ပျိုးရေလုံလောက်သေချာစေရန် လိုအပ်ပေသည်။

မြေအောက်ရေဖော်ထုတ် သုံးစွဲခြင်း

ထိုအခြေအနေကို ကျော်လွှားသွားနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သည် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ကို ထိခိုက်မှုမရှိစေဘဲ မြေအောက်ရေဖော်ထုတ် သုံးစွဲ ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ရေရရှိရေးကို ကြိုးပမ်းဖော်ဆောင်လာရသည်။

“ မြေအောက်ရေနဲ့ စိုက်ပျိုးရေပေးဝေနိုင်ဖို့ အတွက်ဆိုရင် အဓိက သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ကိုလည်း ထိခိုက်မှုမရှိစေဖို့ အရင်ဆုံး လေ့လာဆန်းစစ်မှုတွေ လုပ်ရပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ မြောက်ဖျားပိုင်းကျေးရွာတွေ စိုက်ပျိုးရေပေးနိုင်ဖို့ ဒီဒေသမှာ မြေအောက်ရေ စဉ်ဆက်မပြတ်ဖြည့်ဆည်းမှု (Ground Water Recharge ) အားကောင်းမှ ဆောင်ရွက်လို့ ရတာပါ။ ပြီးတော့ ရေအရည်အသွေး ကောင်းမွန်ဖို့လည်း အရေးကြီးပါတယ်။ တပ်ကုန်းမြို့နယ်ဟာ အရှေ့ဘက်ကုန်းမြင့်ဒေသက စီးဆင်းလာတဲ့ မြစ်ချောင်းအရင်းအမြစ်တွေ ကောင်းတယ်၊ မြေအောက်ရေဖြည့်ဆည်းမှု အားကောင်းတဲ့အတွက် တောင်သူတွေအတွက် ဖော်ဆောင်ပေးခွင့်ရတာပါ။ ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာအုပ်စု သုံးစု ပတ်ဝန်းကျင်မှာ ဘာသာရပ်ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုအရ အခုကျွန်တော်တို့အနေနဲ့ ဒီလို မြေအောက်ရေရှိနေတဲ့ မြေအောက်ရေအရင်းအမြစ်ကို ရယူသုံးစွဲရာမှာ ၂၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကတော့ မြေအောက်ရေထုတ်ယူအသုံးပြုနိုင်မှု (Ground Water Discharge) ရာခိုင်နှုန်းပါ။ ဒီဒေသဟာ Ground Water Recharge ရာခိုင်နှုန်းပြည့် ဖြည့်ဆည်းမှုရရှိတဲ့ ဒေသဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

ရေအောင်းလွှာဂုဏ်သတ္တိများ

တပ်ကုန်းမြို့နယ်၌ တူးဖော်ပြီး စက်ရေတွင်းများကို ရေအောင်းလွှာဂုဏ်သတ္တိများဖြစ်သည့် ရေအောင်းလွှာအတွင်း မြေအောက်ရေစီးဆင်းမှု (Hydraulic Conductivity)၊ ရေအောင်းလွှာ၏ ရေထုတ်နိုင်စွမ်း( Transmissitivity )၊ စက်ရေတွင်းမှ ရေထုတ်ယူမှုကြောင့် ရေအောင်းလွှာနိမ့်ကျမှု အကျိုးသက်ရောက်သည့် ဧရိယာ (Cone of Depression) တို့ကို လေ့လာစမ်းသပ်တိုင်းတာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ စမ်းသပ်တိုင်းတာ ဆောင်ရွက်မှုများအရ ရေအောင်းလွှာအတွင်း မြေအောက်ရေစီးဆင်းမှု (Hydraulic Conductivity) တန်ဖိုးမှာ ၁၄၆ ဒသမ ၈၁ ft/day ဖြစ်၍ ရေပြန်လည်ဖြည့်တင်းနိုင်မှု မြန်ဆန်ကြောင်း၊ ရေအောင်းလွှာ၏ ရေထုတ်ပေး နိုင်စွမ်းပမာဏမှာ ၇၀၁၅၈ gal/ ft/ day ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ စက်ရေတွင်းတူးဖော်မှု မှတ်တမ်းများအရ ရေအောင်းလွှာ၏ အထူမှာ ၃၈ ပေခန့်ထူကြောင်း သိရသည်။ လက်ရှိ တွင်းတူးဖော်ပြီး ၁၀ လက်မ စက်ရေတွင်းတစ်တွင်းမှ တစ်နာရီ ရေဂါလန် ၂၂၀၀၀ ထုတ်ယူအသုံးပြုနိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။ 

ရေလွှာနိမ့်ကျမှု အကျိုးသက်ရောက်မည့် ဧရိယာ တန်ဖိုး ၁၅၀ မီတာဖြစ်ပြီး ပေ ၅၀၀ ခန့် ရှိ၍ စက်ရေတွင်းများ တည်နေရာသတ်မှတ်ရာတွင် တစ်တွင်းနှင့် တစ်တွင်းအကွာအဝေး အနည်းဆုံး ပေ ၁၀၀၀ ခန့် ရှိသင့်သည်ကိုလည်း စမ်းသပ် တိုင်းတာဆောင်ရွက်မှုများအရ သိရသည်။ 

ရေအောင်းလွှာအတွင်း ရေပြန်လည်ဖြည့်တင်းမှုနှင့် ထုတ်ယူသုံးစွဲမှု

ထို့ပြင် စက်ရေတွင်းတူးဖော်ဆောင်ရွက်သည့် စီမံကိန်းဧရိယာအတွင်း နှစ်စဉ်ရွာသွန်းသော မိုးရေချိန်အပေါ်မူတည်၍ မြေအောက်ရေ ရေအောင်းလွှာအတွင်း ရေပြန်လည်ဖြည့်တင်းမှု (Rainfall Recharge) ပမာဏ ဧကပေ ၂၄၄၂၀ ခန့်ရှိပြီး ရေသွင်းစိုက်ပျိုးသည့် စိုက်ကွင်းများမှ မြေအောက် ရေအောင်းလွှာအတွင်း ပြန်လည်စိမ့်ဝင်သည့် (Irrigation Return Flow) သည် ဧကပေ ၁၀၅၀၀ ခန့်ရှိသဖြင့် စုစုပေါင်း နှစ်စဉ် ရေအောင်းလွှာအတွင်း ပြန်လည်ဖြည့်တင်းနိုင်မှု ပမာဏ ဧကပေ ၃၄၉၂၀ ခန့်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေနှင့်သောက်သုံးရေအတွက် ဧကပေ ၇၇၅၀ ခန့်သာ ထုတ်ယူသုံးစွဲမှုရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိသဖြင့် မြေအောက် ရေအရင်းအမြစ် (Ground Water Potential ) ၏ ၂၂ ဒသမ ၁၈ ရာခိုင်နှုန်းသာ ထုတ်ယူသုံးစွဲမှု ရှိသည်။

သို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသည် မြေအောက်ရေအလား အလာ ကောင်းမွန်သည့်နေရာများ၌ စိုက်ပျိုးရေ စက်ရေတွင်းများ တူးဖော်ပေး၍ မြေအောက်ရေဖြင့် စိုက်ပျိုးရေးကို အကျိုးပြုထောက်ပံ့ပေးလျက် ရှိသည်။ ဆင်သေဆည်ရေသောက် စနစ်၏ မြောင်းဖျားပိုင်းရှိ ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စုနှင့် နွယ်ရစ်ကျေးရွာ အုပ်စုတို့ရှိ စိုက်ဧကများအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ကို ထိခိုက်မှု မရှိစေဘဲ မြေအောက်ရေဖော်ထုတ်ကာ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
 
တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စုနှင့် နွယ်ရစ်ကျေးရွာ အုပ်စုတို့တွင် ၁၀ လက်မတွင်းအရွယ် စိုက်ပျိုးရေ စက်ရေတွင်း ၂၅ တွင်းကို တူးဖော်နိုင်ခဲ့ပြီး လျှပ်စစ် ဖြင့် စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။ ထိုကဲ့သို့ စိုက်ပျိုးရေ စက်ရေတွင်းများ ဖော်ဆောင်နိုင်ခဲ့သည့်အတွက် လက်ရှိတွင် စိုက်ပျိုးမြေဧက ၇၅၀ ကို ဖြည့်စွက်ရေ လုံလောက်စွာ ပေးဝေနိုင်ပြီဖြစ်သည်။

ထိုကဲ့သို့ စက်ရေတွင်းများမှ စိုက်ပျိုးရေပေးဝေ နိုင်ရန်အတွက် ၁၀ လက်မအရွယ် စက်ရေတွင်း တူးဖော်ခြင်း၏ ဆက်စပ်လုပ်ငန်းများဖြစ်သည့် ၁၁ ကေဗွီ HT ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ LT ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ ရေပေးအဆောက်အအုံများ တည်ဆောက်ခြင်း၊ Submersible Pump များ တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သည်။
“ဆည်ရေကရောက်ပေမယ့် ဆည်ရေအဝင်နည်းတဲ့အခါ မြောင်းဖျားကျနေတော့ တချို့နှစ်တွေမှာ လုံလောက်မှုမရှိတာတွေ ကျွန်တော်တို့ ရွာတွေမှာ တွေ့ကြုံလာရတယ်။ မြောင်းဖျားမှာကျနေတဲ့ တောင်သူတွေ အဆင်ပြေစေဖို့ အခုဆိုရင်  မြေအောက်ရေနဲ့စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ဖြည့်စွက်ရေကို ရရှိနေပါပြီ။ တောင်သူတွေအတွက် စိုက်ပျိုးဖို့ရေက အဓိကဖြစ်နေတော့ ဒီအခက်အခဲ ကို ကျော်လွှားသွားနိုင်တာဖြစ်တဲ့အတွက် ရေရတာ ရွှေရသလိုပါပဲ” ဟု နွယ်ရစ်ကျေးရွာမှ တောင်သူ ဦးခင်မောင်က ပြောသည်။

ထိုကဲ့သို့ တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေကို စက်ရေတွင်းများမှ ပေးဝေရာတွင် လျှပ်စစ်ဖြင့် ရေတင်ပေးဝေရေး ဆောင်ရွက်ရသဖြင့် စက်ရေတွင်းအလိုက် မောင်းနှင်သည့် စက်မောင်း နာရီကို စာရင်းပြုစု၍ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မှတ်တမ်းတင်ခြင်း၊ မီတာကောက်ခံခြင်း၊ လျှပ်စစ် မီတာခပေးချေခြင်းတို့ကို တောင်သူများကိုယ်တိုင် ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (WUG) ၏ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆိုလာစနစ်ဖြင့် စတင်ဆောင်ရွက်

ယခုအခါ စိုက်ပျိုးရေ စက်ရေတွင်းများကိုလျှပ်စစ်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်  (Renewable Energy) ဆိုလာစနစ်ဖြင့် ရှောက်ကုန်း ကျေးရွာအုပ်စု ပုဏ္ဏမာ စိုက်ပျိုးရေတွင်းကို စတင်ဆောင်ရွက်၍ စိုက်ပျိုးမြေ ၂၅ ဧကကို စိုက်ပျိုးရေပေးဝေခဲ့ပြီး ယခုနှစ် ဆောင်ရွက်ရန် ၁၀ လက်မ စက်ရေတွင်း ငါးတွင်းမှ တစ်တွင်းကိုလည်း ဆိုလာ+လျှပ်စစ်စနစ်ဖြင့် ဆောင်ရွက်ရန် လျာထား လျက်ရှိသည့်အပြင် ရှောက်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေစက်ရေတွင်း တွင်းအမှတ်(၈)မှ Smart Irrigation စနစ် Rain Gun Sprinkler စနစ်ဖြင့် တောင်သူများ သရုပ်ပြစိုက်ပျိုးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စုနှင့် နွယ်ရစ်ကျေးရွာ အုပ်စုတို့တွင် ၁၀ လက်မတွင်းအရွယ် စိုက်ပျိုးရေ စက်ရေတွင်း ၂၅ တွင်းမှ စိုက်ပျိုးရေ ပေးဝေလျက်ရှိ ရာ ရှောက်ကုန်းကျေးရွာတွင် ၁၀ တွင်း၊ ကျားသေ အိုင်ကျေးရွာတွင် ငါးတွင်း၊ နွယ်ရစ်ကျေးရွာတွင် ၁၀ တွင်းရှိကြောင်း သိရသည်။ လက်ရှိတွင် နွယ်ရစ်ကျေးရွာ၌ စက်ရေတွင်း ငါးတွင်းကို တူးဖော်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါစက်ရေတွင်းများ ပြီးစီးပါက စိုက်ပျိုးမြေများ ထပ်မံတိုးတက်၍ စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေတိုးတက် ပေးဝေနိုင်ရေး

အဆိုပါကျေးရွာများမှ  စိုက်ပျိုးမြေများ စိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်ရေးအတွက် စက်ရေ တွင်း ၁၀ တွင်းကို ထပ်မံအကောင်အထည်ဖော် နိုင်ရန် လျာထားဆောင်ရွက်နေပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် ပြီးစီးသည့် စက်ရေတွင်း ၂၅ တွင်း၊ ဆောင်ရွက်ဆဲ စက်ရေတွင်း ငါးတွင်းနှင့် ဆက်လက်ဆောင်ရွက်ပေး သွားမည့် စက်ရေတွင်း ၁၀ တွင်း စုစုပေါင်း စက်ရေတွင်း တွင်း ၄၀ မှ စိုက်ပျိုးမြေဧက ၁၂၀၀ ကို ရေပေး သွားနိုင်မည် ဖြစ်သည်။

“အဓိကတော့ မြေအောက်ရေက ပြန်လည် ဖြည့်တင်းပေးနိုင်မှုရှိတယ်။ သုံးစွဲမှုကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ကို ထိခိုက်မှုမရှိဘူး၊ ဒီကျေးရွာတွေ စိုက်ပျိုးရေ အဆင်ပြေစေဖို့ ဆက်လက် အကောင်အထည်ဖော်ဆောင်ပေးမယ့် စက်ရေတွင်းကနေ မြေအောက်ရေ သုံးစွဲရင်လည်း ထိခိုက်မှုမရှိနိုင်ဘူး။ ဒါကြောင့် စက်ရေတွင်း တစ်တွင်းကို ဧက ၃၀ ခန့်မှန်းပေးဝေမှုနဲ့ စိုက်ပျိုးမြေ ဧက ၁၂၀၀ ကို အကျိုးပြုနိုင်ဖို့ စက်ရေတွင်း တွင်း ၄၀ ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

သို့ပါ၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စိုက်ပျိုးရေ စက်ရေတွင်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် ဒေသခံတောင်သူများအတွက် မိုးစပါးဖြည့်စွက်ရေ၊ ဆောင်းသီးနှံ၊ နွေသီးနှံ စသည်ဖြင့် ရာသီပတ်လုံး စိုက်ပျိုးရေးကို အားထည့်ဆောင်ရွက်နိုင်မည်ဖြစ်ကာ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သာမက နိုင်ငံတော်၏ စိုက်ပျိုးစီးပွားကဏ္ဍကိုပါ များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။