မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၇

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ဘူးသီးတောင်မြို့မှ ကြိမ်ချောင်း ကျေးရွာဘက်သို့ ခင်မောင်အေးမောင်းနှင်လာသည့် အုတ်သယ်ယာဉ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၈ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး  ဖော်ထုတ်ချက် အရ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီး၌ စိတ်ကြွရူးသွပ် ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ထွန်းထွန်းလှိုင်၊ ညီညီထွန်း တို့ကို မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)