မောင်တောမြို့နယ်၌ အမျိုးသား ၅ ဦး ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ၁ ဇွန် 
    

မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ အောင်ဗလချောင်းဝရဲကင်းစခန်းမှ ဒုရဲအုပ် အောင်ဖြိုးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် နတ်မြစ်အတွင်း၌ တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ နတ်မြစ်အတွင်း အောင်ဗလချောင်းဝအနီး ကမ်းစပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလံပါ စက်လှေ (၁)စီးသည် ဝါးဖောင်တစ်ခုအား မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းယူနေသည်ကို တွေ့ရှိသဖြင့် အောင်ဗလချောင်းဝရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။


စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီဒုက္ခသည် စခန်းနေ ဆော်ဒူလာမိန် (ယခင်မောင်တောမြို့နယ်၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ဘူဘာကျေးရွာနေသူ)ပါ အမျိုးသား ၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့၊ ဇိုက်လားကျေးရွာနေ  နိုရ်အာလောင်ပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂) ဦးတို့အား ရွှေဆွဲကြိုး (၉) ကုံး၊ ဟန်းချိန်း (၁) ကွင်း၊ ဘယက် (၁) ကုံး၊ ဆံညှပ် (၁) ခု၊ လက်ကောက် (၉) ကွင်း၊ ဆွဲပြား (၁၀) ပြား၊ လက်စွပ် (၁၂) ကွင်း၊ နားကွင်း (၄) ကွင်း၊ နားကပ် (၁) ကွင်း၊ နားသီး (၁၀) ရံ၊ နားဆွဲ (၁၀) ရံ၊ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (၂၄)ကျပ်သား (၁၂)ပဲ (တန်ဖိုး-စိစစ်ဆဲ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
     

စစ်မေးရာ မောင်တောမြို့နယ် မြို့မကညင်တန်းရပ်နေ အဏ္ဏာဝါဟူဆိမ်းမှ ရွှေထည်ပစ္စည်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် သိုဝှက်သယ်ဆောင်၍ အမှတ်(၁) ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ တရားဝင်ထွက်ခွာခဲ့ပြီး စက်လှေ(၁)စီးဖြင့် နတ်မြစ်အတွင်း လာရောက်ကာ ၎င်းတို့ထံသို့ ရွှေထည်ပစ္စည်းများအား လွှဲပြောင်းပေးအပ်၍ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဆော်ဒူလာမိန်ပါ (၅) ဦးနှင့် အဏ္ဏာဝါဟူဆိမ်းတို့အား ပြင်ဖြူနယ်မြေ ရဲစခန်း (ပ)၁၈/၂၀၁၉၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN