မောင်တောမြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ယခုနှစ်တွင် နှစ်ဆတိုးလာ

မောင်တော ၂  ဇွန်  

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပေးခဲ့ရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်  အောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ် နှင့်နှိုင်းယှဉ်ပါက နှစ်ဆတိုးလာကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က မောင်တောမြို့နယ်ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းက ၉ ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်မှာ ၁၈ ဒသမ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်အောင်မြင်မှုရှိခဲ့ပါတယ်”ဟု မောင်တော မြို့နယ် ဒုတိယမြိုနယ် ပညာရေးမှူး ဦးကျော်နုက ပြောကြားသည်။

 

မောင်တောမြို့နယ်တွင် ဖြေဆိုအောင်မြင်ခဲ့သည့် ပညာသင်နှစ်တွင် ဖြေဆိုသူ ၆၉၀ ရှိခဲ့ပြီး အောင်မြင်သူ ၁၂၅ ဦး ရှိခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြေဆိုအောင်မြင်သူ များထဲတွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူဦးရေ ၁၄ ဦးအထိထွက်ပေါ်ခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးရှင်နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်ခုနစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မောင်တောမြို့နယ်တွင် ဖွင့်လှစ်မည့် အခြေခံပညာ ကျောင်းပေါင်း ၁၁၄ ကျောင်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ် နိုင်မည့် ကျောင်းပေါင်း ၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကြည်၊ ဇင်ဦး၊ 
ဓာတ်ပုံ-သက်လွင်စိုး(ခရိုင်ပြန်ဆက်)