မောင်တော  ၁၇ ဖေဖော်ဝါရီ

 

မောင်တောမြို့နယ် သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ရွာသားသုံးဦး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂဏန်းရှာရန် သွားရောက်ရာမှ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ သတ်ဖြတ်ခံရပြီး မြေကျင်းအတွင်း မြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

ဖြစ်စဉ်မှာ သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ဦးလှထွန်းအောင် (၄၂)နှစ်၊ ဦးချစ်ထွန်း (၄၂)နှစ်၊ ဦးမောင်ထွန်းစိန် (၄၁) နှစ်တို့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ကွမ်းသီးပင်ကျေးရွာဟောင်းဘက်သို့ ဂဏန်းရှာရန် သွားရောက်ရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ လက်ဖွဲ့ကျကျေးရွာအနီး တောင်ကျော်လမ်း၌ မြေကျင်းအသစ်တစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ ထိုနေရာကို တူးဖော်စစ်ဆေးခဲ့ရာ ဦးလှထွန်းအောင်နှင့် ဦးချစ်ထွန်းတို့တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးမောင်ထွန်းစိန်တွင် ဝဲနားထင်ပြတ်ရှ၊ လည်ပင်းထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)