မောင်တောခရိုင်တွင်းရှိ အခြေခံပညာကျောင်းများကို  ဒေသတည်ငြိမ် အေးချမ်းလာတာနှင့်အမျှ ဖွင့်လှစ်သွားမည်

မောင်တော ၂ နိုဝင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ARSA အကြမ်းဖက် ဖြစ်စဉ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

 

မောင်တောမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၁၈၃ ကျောင်းရှိသည့်အနက် လက်ရှိကာလတွင် ၃၂ ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်ရန်ကျန်ရှိသည့် ကျောင်းမှာ ၁၅၁ ကျောင်း ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၂၂၁ ကျောင်း ရှိသည့်အနက် လက်ရှိကာလတွင် ကျောင်းပေါင်း ၂၀ ကို ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်းအရေအတွက်မှာ ၂၀၁ ကျောင်း ဖြစ်သည်။ မောင်တောခရိုင် အားဖြင့်မူ အခြေခံပညာ ကျောင်းပေါင်း ၄၀၄ ကျောင်း ရှိသည့်အနက် လက်ရှိကာလတွင် ၅၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်ရန်ကျန်ရှိ သည့် ကျောင်းပေါင်း ၃၅၂ ကျောင်း ရှိနေသေးကြောင်း သိရသည်။

 

ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ဒေသတည်ငြိမ် အေးချမ်းရေးက အရေးကြီးကြောင်း  မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဆိုသည်။

 

“အရင်က တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းမှုတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး လူမျိုးုစု နှစ်ခုကြားမှာ သံသယတွေ ဝင်လာပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပိုဆိုးရွားလာပြီး လုံခြုံရေး တာဝန်ရှိသူတွေကိုပါ အန္တရာယ်ပြုလာတဲ့ အဆင့်သို့ ရောက်ရှိလာတဲ့အတွက် ဆရာ၊ ဆရာမ တွေစိုးရိမ်ပြီး မနေရဲ ကြတော့ပါဘူး။ ဒါပေမယ့် အခုတော့ တည်ငြိမ်စ ပြုလာပြီဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေကို တာဝန်ကျရာဒေသကို စက်တင်ဘာလ နောက်ဆုံးထားပြီး လာရောက်ဖို့ ညွန်ကြားထားလို့ လက်ရှိဖွင့်လှစ်လျက်ရှိတဲ့ ကျောင်းတွေမှာ ကလေးတွေကို ပညာသင်ကြား ပေးလျက်ရှိပါတယ်” ဟု ၄င်းက ဆိုသည်။

 

မောင်တောမြို့နယ်တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၈၀ဝ၀ဝ ကျော်၊ ဘူးသီးတောင် မြို့နယ်တွင် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၀ဝ၀ဝ ကျော်ရှိရာ မောင်တောခရိုင်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း တစ်သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။ အစ္စလာမ်ဘာသာဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာစကား အခက်အခဲကြောင့် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းအားဖြင့်မူ နှစ်စဉ်ကျဆင်းမှုရှိကြောင်း သိရသည်။

 

အောင်ကျော်ဦး

 

mdn