မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက်

စစ်တွေ   ဇန်နဝါရီ   ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောခရိုင်၊ မြင်းလွတ်မြို့၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ကျောက်ပန္ဒူ- စေတီပြင် ကားလမ်းဘေးရှိမြေနေရာတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀ အား နေရာချထားမည့် မြေနေရာအား သွားရောက်ကြည့်ရှုကြရာ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရေမြိုင်ကျေးရွာအနီး ရှင်းလင်းဆောင်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၉၀ သန်းဖြင့် ဝေသာလီ - ဥဒေါင်းလမ်း ၁၃ မိုင်တွင် ကွန်ကရစ်လမ်းပိုင်း ပျက်စီးနေမှုများအား ပြန်လည် ပြုပြင်နေမှု၊ လမ်းပခုံးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာ ကျသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အတွက်ကြောင့် လမ်းကြံ့ခိုင်ကောင်းမွန်ရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မောင်တောမြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းသို့ သွားရောက်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် တက်ရောက်သင်ကြားလျက်ရှိသော သင်တန်းသူများနှင့် သင်တန်းနည်းပြများအား  ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသူများ အိပ်ဆောင်နှင့် စားရိပ်သာများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့မကျောင်းတိုက်၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော မဟာကျန်ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမြော် ကြည်ညိုကာ ကျောင်းတိုက်အတွင်း၌ မောင်တောမြို့ပေါ်မှ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောနယ်စပ် - ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ပြီး စီးပွားရေးဇုန်ကြီးကြပ်ရေးကော်မတီ ရုံးခန်းမ၌ ဌာနဆိုင်ရာများ၊ စီးပွားရေးဇုန် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကညင်ချောင်းစီးပွားရေးဇုန် ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ နယ်စပ်စီးပွားရေး ဆောင်ရွက် မည့်အခြေအနေနှင့်  နွားပွဲဈေး သတ်မှတ်ဆောင်ရွက်မည့် အခြေအနေ များကိုလည်းကောင်း၊ ခရိုင်လမ်းဦးစီးမှူးက ကညင်ချောင်းစီးပွားရေးဇုန် ပင်မလမ်း ရေရှည်ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ကညင်ချောင်းစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်နေမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်နေမှုစသည့် ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စီးပွားရေးဇုန်ဆောင်ရွက်မှုများနှင့်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ညနေပိုင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တော- ကညင်တန်း- အလယ်သံကျော်- အငူမော်လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)