မောင်တော၊ မိုင်းဆတ်၊ နောင်ချိုနှင့် ရွာငံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် မောင်တောမြို့နယ်၊ (၄) မိုင်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အနီးတွင် မောင်လှသိန်းနှင့် မနုနု (ခ) ချေချေတို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မိုင်းဆတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်အနီးတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်အားလှဲချ၍ တောအတွင်းသို့ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၇ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်၊ မူဆယ် - မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၇၉/၁) အနီးတွင် အိုက်အွမ် မောင်းနှင်ပြီး မအေးရွှေလူ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအုပ်စု၊ ကျောက်ကူပြင် ကျေးရွာအနီးတွင် ကိုကိုလတ် (ခ) ကိုလတ် မောင်းနှင်လာသည့် CANTER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၄၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်