မောင်တော၊ မြောက်ဥက္ကလာပ၊ သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၆   မေ 

 

မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းကျေးရွာရှိ ဟာဆောင်းဇူဟာရ် ၏နေအိမ်ကိုဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆,ဝ၅၀  သိမ်းဆည်းရမိ ခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းက  မူးယစ်တပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇန(၂)လမ်း၊ အမှတ်(မ-၂၀၉) ရှေ့တွင် မြင့်ဇော်(ခ)ဆံရှည် မောင်းနှင်ပြီး အောင်လေး(ခ)အောင်ရဲဖြိုးနှင့် ပြည့်ဖြိုးအောင် တို့လိုက်ပါ လာသည့် Mark II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မြင့်ဇော်(ခ)ဆံရှည်နှင့် ပြည့်ဖြိုးအောင်တို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၁၁၉ ပြား၊ ဆေးခြောက် ၈ ဂရမ်၊ လက်ကိုင်ဖုန်း(၄)လုံး၊ ငွေကျပ် ၁၀၁,ဝ၀ဝ နှင့် ဓား(၃)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇန(၂)လမ်း၊ အမှတ်(မ-၂၀၉)၊ (၄)လွှာရှိ မြင့်ဇော်(ခ)ဆံရှည်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ အောင်ကျော်(ခ)ကျော်သက်လင်း အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၇,ဝ၀ဝ နှင့် ဓား(၄)ချောင်းတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့နံနက်  ၉ နာရီက နမ့်စလပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ပိန်းဟုန်းကျေးရွာနေ ဆာထွန်း၏နေအိမ်ကိုဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၇၇၅ ပြား၊ ဘိန်းဖြူ ၁၄၉ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN