မောင်းသူမဲ့ကားများအတွက် နည်းပညာပိုင်းဆိုင်ရာများ ဖန်တီးရန် ကုမ္ပဏီအသစ်တစ်ခုကို တိုယိုတာ တည်ထောင်

၄ မတ်

 

ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့် နာမည်ကျော်လုပ်ငန်းဖြစ်သော တိုယိုတာသည် ၎င်း၏ မောင်းသူမဲ့ကားများတွင် အသုံးပြုနိုင်ရန် နည်းပညာပိုင်ဆိုင်ရာများ ဖန်တီးမည့် ကုမ္ပဏီအသစ်တစ်ခုကို တိုကျိုမြို့တွင် တည်ထောင်လိုက်သည်ဟု သိရသည်။ အဆိုပါ Toyota Research Institute- Advanced Development (TRI- AD) ဟု အမည်ရပြီး တိုယိုတာမှ ဖန်တီးထုတ်လုပ်သည့် မောင်းသူမဲ့ကားများအတွက် နည်းပညာပိုင်းဆိုင်ရာများကို အထောက်အကူပြုမည့် လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုယိုတာသည် ၂၀၁၅ ခုနှစ်က Toyota Research Institute (TRI) ကုမ္ပဏီကို မြောက်အမေရိကတွင် တည်ထောင်ခဲ့ပြီး မောင်းသူမဲ့ကားများအတွက် နည်းပညာများ သုတေသနပြုလုပ်လျက်ရှိနေရာ ယခုထပ်မံ တည်ထောင်လိုက်သော TRI-AD သည် ၎င်း TRI ကုမ္ပဏီနှင့် နည်းပညာများ ပူးပေါင်းဖန်တီးသွားကြမည် ဖြစ်ကြောင်းသိရသည်။ TRI-AD ကို ဝန်ထမ်းပေါင်း တစ်ထောင်ခန့် ခန့်အပ်သွားမည်ဖြစ်ပြီး အခြားမော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်သည့် လုပ်ငန်းအချို့နှင့် ပူးပေါင်းကာ တည်ထောင်လိုက်ခြင်းဖြစ်ပြီး မောင်းသူမဲ့ကားများအတွက် ဒေါ်လာ၂ ဒသမ ၈ ဘီလီယမ်ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခင်တည်ထောင်ခဲ့သော TRI သည် စက်ရုပ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ကားများအတွက် နည်းပညာဆိုင်ရာများ၊ ဉာဏ်ရည်တုနည်းပညာများကို ဖန်တီးလျက်ရှိနေပြီး TRI-AD မှ ထပ်မံဖန်တီးလိုက်သည့် မောင်းသူမဲ့ကားများအတွက် နည်းပညာဆိုင်ရာများကို TRI မှထပ်မံပူးပေါင်း ဖန်တီးသွားမည် ဖြစ်သည်။

 

တိုယိုတာမှ မောင်းသူမဲ့ကားများကိုလည်း စမ်းသပ်လျက်ရှိပြီး နောက်ဆုံးထုတ် ဇိမ်ခံကားများနှင့် ယာဉ်မောင်းသူများအတွက်လည်း အခြားနည်းပညာဆိုင်ရာများကို TRI မှ ဖန်တီးပေးလျက်ရှိနေသည်ဟု သိရသည်။

 

ALEX