မော်လူးတွင် ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ

မော်လူး ၃ ဇန်ဝါရီ 

 

မော်လူးဒေသ စာပေ ချစ်မြတ်နိုးသူ လူငယ်များ၏ ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး ခြေခံပညာ အထက်တန်းကျောင်း၊ သရဖီ ခန်းမဆောင်တွင် ဇန်နဝါရီ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

 

"မော်လူးဒေသ စာပေချစ်သူ လူငယ်များက လူငယ် လူရွယ် လူကြီး လူလတ် ပါမကျန် စာပေ ဗဟုသုတ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပြီး အခုလို စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်မှုကြောင့် ဒီကနေ့ဆိုရင် ဆဋ္ဌမအကြိမ်မြောက် ပထမည ပွဲစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပါတယ်" ဟု မော်လူးမှ စာပေချစ်မြတ်နိုးသူ  လူငယ်တစ်ဦးဖြစ်သူ မိဘမေတ္တာ စာအုပ်စာပေ ရောင်းဝယ်ရေးမှ ကိုထွန်းဝင်းလတ်က ပြောကြားခဲ့သည်။

 

"အခုလို စာပေဟောပြောပွဲ ဖြစ်မြောက်အောင် နေရာစီစဉ်၍ ကျင်းပခွင့် ပေးတဲ့အတွက် မော်လူး အထက ကျောင်းအုပ် ဆရာမကြီးနှင့် ပညာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။

 

ဟောပြောပွဲတွင် စာရေးဆရာမ မသီတာ(စမ်းချောင်း)မှ ကိုယ့်ကိုကိုယ်ချစ်ရအောင် ခေါင်းစဉ်ဖြင့် လည်ကောင်း၊ စာရေးဆရာ ဗေလုဝ(ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ)မှ မြန်မာပြည်နိဒါန်း ခေါင်းစဉ်ဖြင့် လည်ကောင်း ဟောပြောခဲ့ကြသည်။

 

ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူများ၊ မော်လူးဒေသ စာပေချစ်မြတ်နိုးသူ လူငယ်များ၊ စုစုပေါင်း အင်အား၂၀ဝ ခန့် တက်ရောက်ကြပြီး ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၃ ရက်နေ့တွင် စာရေးဆရာ နေဝင်းမြင့်နှင့် စာရေးဆရာမ ခင်ခင်ထူးတို့က ဆက်လက်ဟောပြော ကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

(ဝ၆၇)