မျှော်လင့်ခြင်းတို့အတွက် ရွေးကောက်ပွဲများ

လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆိုရှိသည်။ အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏၊ ရွှင်လန်းကျန်းမာသူကလည်းကြွယ်ဝချမ်းသာဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။

ပညာတတ်လို၏ ချမ်းသာလို၏၊ စည်းစိမ်များကို ရရှိခံစားလို၏၊ အောင်မြင်လို၏၊ ထင်ရှားကျော်ကြားလို၏ အစရှိသည့် လောကီအလိုများသာမက နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုဖြင့် ရောက်ရပါလို၏ ဟူသည်အထိ လူတို့၏ မျှော်လင့်ချက်များက စုံလင်များပြားလှ၏။

ထိုသို့သော မျှော်လင့်ချက်များတွင် “အများကြီးမရလျှင် နေပါ စေ၊ လူချင်းတူတူ သူချင်းမျှမျှသာ ဖြစ်ပါရစေ၊ လောကလူ့ရွာမှာ လူရယ်လို့ဖြစ်လာကြပြီး အသားအရောင် လူမျိုးကိုးကွယ်ရာမခွဲခြား၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေးကိုသာ လိုချင်ပါသည်” ဆိုသည့် မျှော်လင့်ချက်ကြီးဖြင့် အသက်ကိုပင်မမှု ကြိုးစားအားထုတ် ရုန်းကန်ခဲ့ကြသော ပြည်သူလူထု အင်အားစုကြီးတစ်ရပ် မြန်မာနိုင်ငံတွင် ရှိခဲ့ပါသည်။ ရှိနေဆဲလည်း ဖြစ်ပါသည်။

မြန်မာပြည်သူလူထုအတွင်း၌ ထိုမျှော်လင့်ချက်ဖြင့် စွန့်လွှတ်ခဲ့ကြသည်များ၊ အနစ်နာခံခဲ့ကြသည်များ ရှိပါသည်။ သို့သော်လည်း ထိုအနစ်နာခံခဲ့ရသည်များ စွန့်လွှတ်ခဲ့ရသည်များမှာ လူချင်းတူတူ သူချင်းမျှမျှနှင့် တန်းတူညီမျှဘဝကိုသာ လိုချင်သည်ဟူသော မျှော်လင့်ချက်ကလွဲ၍ အခြားကြီးမားသော မျှော်လင့်ချက်မရှိကြပါ။

ထိုမျှော်လင့်ချက်အတွက် ရင်တွင်းစွဲနေခဲ့ကြသော ဒီမိုကရေစီ ယုံကြည်ချက်ကိုသာ သစ္စာမြဲမြံစွာ ရှင်သန်နေခဲ့ကြသည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ ဒီမိုကရေစီ မျှော်လင့်ချက်ပေါ် ထားရှိသည့်သစ္စာ ကို မဲရုံများတွင်မိမိတို့ယုံကြည်အားကိုးသည့် ပြည်သူ့ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံရေးပါတီများကို မဲပေးရွေးချယ်မည်ဟူသည့် နည်းလမ်းဖြင့် ဖော်ထုတ်ပြသခဲ့ကြပါသည်။ ဖော်ထုတ်ပြသကြရန် လည်း ပြင်ဆင်အားမွေးနေကြပါသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စစ်စစ်များကို မဲပေးရွေးချယ်ခြင်းသည် ဒီမိုကရေစီစနစ်ကို ရာနှုန်းပြည့် အာမခံနိုင်ကောင်းမှ ခံနိုင်မည်ဆိုသည်ကိုလည်း အခြေခံဥပဒေမှအစ အခြားသော ဝန်းကျင်အာဝါသတို့၏ အနေအထားမျိုးစုံပေါ်တွင် မူတည်၍ ကောင်းစွာနားလည်ထားကြပြီးလည်း ဖြစ်ပါသည်။ 

အာဏာရှင်စနစ်၏ ဘောင်အတွင်းက ဒီမိုကရေစီစနစ်ကို ထူထောင်ရန် အားထုတ်ဆောင်ရွက်ရခြင်းမှာ လွယ်ကူလိမ့်မည် မဟုတ်ဘူးဆိုသည်ကိုလည်း နားလည်ထားကြပြီး ဖြစ်ပါသည်။ ဒီမိုကရေစီဘောင်ကို ချဲ့နိုင်လေလေ အာဏာရှင်စနစ်၏ ဘောင်ကကျဉ်းမြောင်းလာလေလေ ဖြစ်မည်ကိုလည်း မှန်းဆထားကြပါ၏။ ထို့ကြောင့်ပင် မဲပေးခြင်းနည်းလမ်းဖြင့် လက်ငင်းကာလတွင်း ဒီမိုကရေစီဘောင်ကို ကျယ်နိုင်သရွေ့ ကျယ်အောင်ချဲ့ နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် မဲပေးကြရန် အချင်းချင်းလှုံ့ဆော်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်ပါသည်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ်နှင့် ဝေးကွာနေခဲ့သူ မြန်မာနိုင်ငံသားများအဖို့ ရွေးကောက်ပွဲဟူသည် စိတ်လှုပ်ရှားစရာအပြည့်။ မိမိမဲမပေးလိုက်ရမှာကို အစိုးရိမ်ကြီးကာ စိတ်လှုပ်ရှားကြရသည်။ မိမိ၏မဲပေးခွင့် အခွင့်အရေးကို ဆုံးရှုံးရမှာ စိုးရိမ်ရသည်။ မဲပေးပြီးမှ ထိုပေးလိုက်သောမဲသည် အမှားအယွင်းတစ်ခုခုကြောင့် ပယ်မဲဖြစ်မှာ စိုးရိမ်ရသည်။

မိမိတို့လိုလားသူနှင့် အဖွဲ့အစည်းကို အစိုးရဖြစ်လာစေဖို့၊ မိမိတို့ အကျိုးငှာ လွှတ်တော်များအတွင်းတွင် တက်ကြွဆွေးနွေးသူများ ဖြစ်နေဖို့၊ မိမိတို့ပြည်သူလူထုနှင့် ကိုက်ညီသော ဥပဒေများကို ပယ်ဖျက်၊ ဖြည့်စွက်၊ အသစ်ပြင်ရေး စသည့်လုပ်ငန်းများကို လုပ်ကိုင်ပေးဖို့ စသည်ကဲ့သို့သော မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ကိုယ်စားလှယ်များကို မဲပေးရွေးချယ်နေကြခြင်းဖြစ်၏။ မဲပေးရွေးချယ်ခြင်းသည် ပြည်သူလူထုအတွက်မူ သာမန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုမျှမဟုတ်။ နိုင်ငံအတွက်၊ မိမိတို့ သားစဉ်မြေးဆက် အနာဂတ်မျိုးဆက်အတွက် အရေးကြီးသည့် အလုပ်တစ်ခုအဖြစ် လေးလေးနက်နက် မဲပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း တင်ပြအပ်ပါသည်။ 

မြန်မာ့အလင်း