မော်လမြိုင်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒိသာများကျွေးမွေး

မော်လမြိုင်         နိုဝင်ဘာ ၇

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ် မီးထွန်းပွဲတော်အပါအဝင်  တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများတွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။

ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ရည်ရွယ်၍ တန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်သလံစေတီတော်၊ ဦးဇိနစေတီတော်၊ မဟာမြတ်မုနိဘုရား အစရှိသည့် ဘုရား၊ ပုထိုး၊ စေတီများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ရာ ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများ နာယူလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)