မော်လိုက်မြို့၌  ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

မော်လိုက် ၃ ဇန်နဝါရီ          

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ရွာပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ ရရှိရေးနှင့် မိမိကိုယ်ပိုင်လုပ်ငန်း အသက်မွေးဝမ်းကြောင်း အတတ်ပညာများ ရရှိရေးတို့အတွက် ခန္တီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက မော်လိုက်မြို့နယ် အမျိုးသမီးရေးရာအသင်းရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

“ကျွန်မတို့အနေနဲ့ ဒီမော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြည်သူများ မိမိကိုယ်ပိုင်အလုပ်ဖြင့် မိသားစုဝင်ငွေများ ရရှိစေရေးနှင့် စက်ချုပ်ပညာကို အခြေခံကျကျ ပိုမိုတတ်ကျွမ်းစွာ လုပ်ကိုင်တတ် စေရေးတို့အတွက် အခုလို အခြေခံစက်ချုပ် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်။ အခြေခံစက်ချုပ် ပညာတင်မက ဇာထိုးပန်းထိုး စသည့်လက်မှုပညာများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာပါ” ဟု  ခန္တီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မော်လီဆိုင်းမိုင်ထံမှ သိရသည်။

 

“အခုလက်ရှိထိ ကိုယ့်အိမ်မှာကိုယ် ကိုယ်ပိုင်စက်ကလေးနဲ့တော့ စက်ချုပ်နေတာပါ အခုလို သင်တန်းတွေ ဘာတွေတော့ တခါမှမတက်ခဲ့ဘူး အဲ့လိုဆိုတော့ အခုဖွင့်လှစ်တဲ့ အခြေခံစက်ချုပ်ပညာကို သင်ခွင့်ရတော့ စက်ချုပ်ပညာကို ပိုမိုနားလည် တတ်ကျွမ်းလာနိုင်မှာမို့ တက်ရောက်လာခြင်းဖြစ်ပါတယ်” ဟု သင်တန်းသူ တစ်ဦးက ပြောပြသည်။

 

အဆိုပါ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မော်လိုက်သားလေး