မြောက်ကိုရီးယားနိုင်ငံက မြို့သစ်တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်မည်

ပြုံယမ်း ၄ ဒီဇင်ဘာ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် အရေးကြီးသော မြို့သစ်တည်ဆောက်သည့်လုပ်ငန်း ခွင်တစ်ခုကို ပီတုတောင်အနီးတွင် စတင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ နေရာသည် မြောက်ကိုရီးယားနိုင်ငံ၏ အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်း၊ သူ့ဖခင်နှင့် ဘိုးဘေးများ၏မွေးဖွားရာ နေရာဖြစ်ကြောင်း နိုင်ငံပိုင်သတင်း မီဒီယာတစ်ခုတွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ဆမ်ဂျီယွမ်မြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် အရင်းအမြစ်များကို အသုံးပြုခဲ့ကြောင်းနှင့် ယင်းမြို့သည် မီးတောင်သေတစ်ခုနှင့် အနီးဆုံးမြို့ဖြစ်ပြီး တရုတ်နယ်စပ်ကိုခွ လျှက်တည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းသည် ကြီးမားသော လုပ်ငန်းခွင်ကြီးတစ်ခုဖြစ်ကာ တော်လှန်ရေးလှုပ်ရှားဆောင်ရွက်မှုပြတိုက်၊ ဆောင်းရာသီအားကစားလေ့ကျင့်ရေး စခန်း၊ ဘလူးဘယ်ရီနှင့် အာလူးပင် များသာမက အဆောက်အအုံပေါင်း ( ၁၀ဝ၀ဝ) ခန့်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ခေါင်းဆောင်ကင်သည် အဆိုပါ လုပ်ငန်းကို အနီးကပ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါဒေသသို့ မကြာခဏ သွားရောက်လေ့ရှိကြောင်းလည်း သိရသည်။ 

ထို့အပြင် လွန်ခဲ့သည့် အောက်တိုဘာလကလည်း တောင်ပေါ်သို့ မြင်းဖြူကြီးစီးပြီး တက်ရောက် ခဲ့သေးကြောင်းလည်း သတင်းထွက် ပေါ်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် ဆမ်ဂျီယွမ်စီရင်စုနယ် တစ်ခု ပေါ်ပေါက်လာရေးအတွက်စိတ်ရောကိုယ်ပါ ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာန ဖြစ်သည့် ကေစီအင်န်အေသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပြုံယမ်းသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်အပေါ် နိုင်ငံတကာအရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း ခံနေရကြောင်း သိရသည်။

အေအက်ဖ်ပီ