မြောက်ကိုရီးယားနိုင်ငံက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားသစ်တို့ကို စမ်းသပ်ပစ်လွှတ်

 

ပြုံယမ်း   ဧပြီ   ၂၀

 

မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုး အစားသစ်တို့ကို ကိုရီးယားကျွန်းဆွယ်အနောက်ပိုင်း ပင်လယ်ဝါဒေသမှ ဧပြီ ၁၉ ရက်တွင် စမ်းသပ်ပစ် လွှတ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးပျံအုပ်ချုပ်ရေးအဖွဲ့သည် အလွန်ကြီးမားသော နျူကလီးယား ထိပ်ဖူး တပ်ဆင်ထားသည့် Hwasal မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှင့် ဒုံးကျည်အမျိုးအစားသစ် တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက  ဧပြီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါစမ်းသပ်မှုသည် လက်နက်အသစ်အဆန်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်မှု အပါအဝင် နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် အတွက်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် မြောက်ကိုရီးယားသည် နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် ခရုဇ်ဒုံးကျည်များကို အကြိမ်ကြိမ် ပစ်ခတ်စမ်းသပ်ခဲ့သည်။

ပြုံယမ်းသည် ၎င်း၏လက်ရှိငါးနှစ်တာ ကာကွယ်ရေးအစီအစဉ်တွင်  ခရုဇ်ဒုံးကျည်များ တီထွင် ထုတ်လုပ်မည်ဟု ပြောကြားခဲ့သည်။ ယခုနှစ်သည် အစီအစဉ်၏ စတုတ္ထမြောက်နှစ် ဖြစ်ကြောင်း သိရသည်။

ပြုံယမ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများသည် တောင်ကိုရီးယား တပ်မတော်နှင့် တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို တန်ပြန်ရန်ရည်ရွယ်ထားကြောင်း လေ့လာသူများက သုံးသပ်ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်