ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုနှင့် ငါးဆယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျောင်းဆောင်ဖျက်သိမ်းနေမှု၊ နေအိမ်နှစ်လုံး ပြောင်းရွှေ့ခဲ့မှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သော ထောပ်ပံ့လှူဒါန်းမှုများ ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ရွာတာဝန်ရှိသူများမှ ကျောင်းဆောင်ဖျက်သိမ်းနေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကျောင်းဆောင်သစ် မြေနေရာသစ်ရရှိရန် သက်ဆိုင်ရာဌာနများမှ အလျင်အမြန် ပူးပေါင်းဆောင်ရွက်ကြရေး၊ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရုံးမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လ ဘုန်းကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြောင်းရွှေ့စာသင်ကြားနေမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကာ ကျောင်းထိုင်ဆရာတော်ထံသို့ လှူဖွယ်ဝတ္တုငွေများအား လည်းကောင်း၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ထောက်ပံ့ငွေများအားလည်းကောင်း၊ ကျေးရွာတာဝန်ရှိသူများထံသို့ သွပ်၊ သံနှင့် ဘိလပ်မြေအိတ်တို့အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်-ပြန်/ဆက်(ဟင်္သာတ)